Thursday, May 7, 2009 - 0 comments

သုည

ပင်လယ်ဟာ တောင်တန်းတွေရဲ့ ဘုရင်ဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့....
ပင်လယ်ဟာ အားလုံးရဲ့ အောက်နိမ့်တဲ့ နေရာမှာ ရှိနေလို့ပဲ။
ပင်လယ်ဟာ သူ့ကို တောင်တန်းတွေက ၀ါးမျိုသွားမှာကို စိုးရိမ်ပူပန်မနေဘူး။
တောင်တန်းတွေကသာ သူတို့ကို ပင်လယ်က ဖုံးလွှမ်းသွားမှာ ကြောက်ရွံ့ စိုးလန့်နေရရဲ့။
မသိမ်းပိုက်သူဟာ အရာရာကို အောင်နိုင်တယ်။


အသုံးမကျတဲ့ ပေါင်းမြက်ပင်တွေနဲ့
အသုံးအ၀င်ဆုံးလို့ ဆိုကြတဲ့ ကျွန်းပင်တွေဟာ
မြေကြီးတစ်ခုတည်းရဲ့ အပေါ်မှာပဲ ပေါက်ကြတယ်။
တစ်စုံတစ်ရာကို ရယူပိုင်ဆိုင်ရတာပဲဖြစ်ဖြစ်
တစ်စုံတစ်ရာကို စွန့်လွှတ်ပေးဆပ်ရတာပဲဖြစ်ဖြစ်ပေါ့
ထားလိုက်ပါလေ..... ထားလိုက်ပါ။
နှလုံးသားဆိုတဲ့ အရာဟာ မြေကြီးဆန်တယ်။



"၀ါး" သည် ကြံ့ခိုင်သန်မာ၏။
သို့သော်.... ပျော့ပျောင်း၏။
အလိုရှိသည့်ပုံစံအတိုင်း ကွေးညွတ်၍ ရသလို
ပြန်လွှတ်လိုက်ရင်လည်း
နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ဆက်လက်သန်မာ ဖွံ့ဖြိုးမြဲ ဖွံ့ဖြိုးနေသည်သာ ဖြစ်၏။

လူဆိုသည်မှာ
ရံဖန်ရံခါတွင် ၀ါးပင်နှင့်တူဖို့ လိုအပ်ပါသည်။

တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီ တောအုပ်ထဲမှာ . . .
ငါ ဘာလို့ ဆက်ရှင်သန်မှာလဲ ! ! ! !
လူတွေရဲ့ မျက်ဝန်းကိုက . . . . ညှီစော်နံတယ်။

လေတိုက်ရင် ယိမ်းပြဖို့အတွက်
မြက်ပင်တွေပေါက်နေကြတာ မဟုတ်ဘူး
. . . .
ကိုယ့်ရူးသွပ်မှုနဲ့ကိုယ် စိမ်းလန်း
င့ါအပေါ်. . .
ဘယ်သူမှ လမ်းဖြတ်မလျှောက်ရင် တော်ပြီ. . . .
ကျောက်တုံးတစ်တုံးပေါ်ကို
အလင်းရောင် ကျနေတယ်. . .။

အလင်းကွယ်သွားတဲ့အခါ ကျောက်တုံးပေါ်
အမှောင်ရိပ်ကျလာမှာပဲပေါ့။
ကျောက်တုံးဟာ ဘာမှ မပြောင်းလဲသွားပါဘူး။
လူတွေဟာ ကိုယ်ကောင်းမှုပြုတဲ့အခါ
တစ်လောကလုံး သိစေချင်ကြတယ်. . .။

ကိုယ်က မကောင်းမှုပြုတဲ့အခါကျတော့
တစ်လောကလုံး ဘယ်သူမှ မသိစေချင်ကြပြန်ဘူး။

လောက ကတော့ ဘာမှမပြောင်းလဲပါဘူး။
သင့်စိတ်ကသာ အလင်း-အမှောင်ကို ထွန်းညှိနေတာပါ။

မင်းခိုက်စိုးစန်

0 comments: