Friday, May 3, 2013 - 0 comments

သူ့ထောင်ချောက်ထဲတွင် ပျော်ပျော်ကြီး တိုးကာတိုးကာဝင်


စီးလာသော မော်တော်ကားသည် အရောင်း စင်တာအကြီးကြီးရှေ့တွင် လမ်းပိတ်သဖြင့် တုံ့ဆိုင်း တုံ့ဆိုင်းသာ သွားနိုင်ကြသည်။ ဘီးတစ်ဘီး ရွေ့လိုက်၊ ခဏရပ်လိုက်ပါပဲ။ မှောင်ရီသန်းပြီမို့ ကားပေါ် ကနေ လည်ပင်းရှည်လုအောင် မော့ကြည့်လျှင် မြင်ရသော ရုပ်မြင်သံကြား ကြော်ငြာဘုတ်ကြီးဆီသို့ မျက်စိက အလိုလိုရောက်သည်။ အိုကောင်မလေးက ချောလိုက်တာ။ ကျွန်မလည်း အဲလောက်ချောဖို့ မဖြစ် နိုင်ဘူးလား။ ကြည့်ပါဦး။ သိပ်ချောတာပဲ။ လွန်ခဲ့တဲ့ တစ်စက္ကန့်လောက်က ဒီလောက်မလှပါဘူး။ အသား ခပ်ညိုညိုကလေးပဲ။ ခုတော့ သူကိုင်ထားတဲ့ မိတ်ကပ် ဘူးလေးထဲက ကရင်မ်ဖြူဖြူလေးကို အသားပေါ် တင်လိုက်တာနဲ့ ကြည့်စမ်း ချက်ချင်းပြောင်းသွား လိုက်တာ ... ဝင်းလဲ့နေတာပဲ။ မျက်နှာအရေပြားပေါ်ကို ကရင်မ်ကဖောက်ထွင်း သွားတာများ ကိုယ့်မျက်နှာပေါ် အခုလိမ်းလိုက်ရင်ပဲ အဲသလို တကယ်ဖြစ်လာတော့ မလား။ မျက်နှာဖြူဖြူလေးရယ် ကိုယ်ပေါ်မှာ လွင့်မြူးနေတဲ့ ဂါဝန်ပန်းရောင်ပြေပြေလေးရယ် ...
နုဖတ်နေတဲ့ ကောင်မလေးရယ် ...

ဒီလိုကြော်ငြာမျိုးကို ဆက်တိုက်ဆက်တိုက်သာ ကြည့်ရလျှင် တော်ရုံတန်ရုံ မိန်းကလေးများ အားငယ်စိတ်သော် လည်းကောင်း အားကျစိတ်သော် လည်းကောင်း ပေါက်သွားမှာ သေချာပါသည်။ ကြော်ငြာများသည် လူကို တော်တော်လှုပ်နိုင်ကြသည်။ ပီနန်စားသုံးသူ အသင်းကြီးက ကြော်ငြာများက ဤသို့ ဖြစ်စေတတ်သည် ဟုဆိုသည်။

စားသုံးသူတို့ကို -
(၁) တစ်ရံမလပ်ဝယ်ပါ ဝယ်ပါဟု တောင်းဆို နေကြသည်။
(၂) ကြော်ငြာများကြောင့် ခြောက်လခန့် အသက် ငယ်သော ကလေးသည်ပင်လျှင် လိုဂိုတံဆိပ်နှင့် ကုန်ပစ္စည်း အမှတ်အသားများကို စတင်သိရှိနေပြီး အသက်သုံးနှစ် ခန့်တွင် ကုန်ပစ္စည်း အမှတ်တံဆိပ် သုံးရာလောက်ကို မှတ်သားနေပြီး ဖြစ်သည်။
(၃) ကျောင်းနေရွယ် ဆယ်ကျော်သက် ကလေးများနှင့် လူငယ်များသည် ကြော်ငြာကြောင့် အမှိုက်စာ Junk Food များ၊ အမြန်စာ Fast Food များနှင့် အချိုရည်အပေါစားများကို ဝယ်မစားသည့်နေ့ မရှိ သလောက်ဖြစ်နေကြပြီ။
(၄) ကြော်ငြာများသည် ကိုယ်ခန္ဓာ မသွယ်လျလျှင်၊ အသားမဖြူဝင်းလျှင် မိတ်ကပ်မသုံးလျှင် လူရာ မဝင်တော့သည့် အလား မိန်းမပျိုကလေးများကို အတင်း ဆွဲဆောင်ကြသည်။
(၅) ကြော်ငြာများက ယောက်ျားကြီးများကို ပိုက်ဆံသုံးနိုင်သူ၊ အကောင်းကြိုက်သူ၊ လက်ငင်းချက်ချင်း ဝယ်ယူသူများအဖြစ် ပုံဖော်ခြင်း၏ နောက်ဆက်တွဲမှာ ငွေသုံးကြမ်းသော ယောက်ျားများ အရေအတွက် များလာခြင်းဖြစ်သည်။