Friday, December 13, 2013 - 0 comments

မြန်မာ့ရုပ်ရှင် အမှတ်တရများ

 ပြည်လှဖေနှင့် မေရှင် (စောင်းတော်ရှင် ဇာတ်ကားမှ)

  •  မြန်မာ့ရုပ်ရှင် ဖြစ်ပေါ်လာရေးအတွက် လန်ဒန်အတ် ဓာတ်ပုံပိုင်ရှင် ဦးအုန်းမောင်က ၁၉၁၄ ခုနှစ်တွင် ပထမဆုံး စတင်ကြံစည်တီထွင်ခဲ့သည်။
  •  မြန်မာ့ရုပ်ရှင်ကားအတွက် ဓာတ်ပုံ (ကင်မရာ)ကို  ၁၉၁၉ ခုနှစ်တွင် ဆရာဦးအုန်းမောင်နှင့်
    ဦးမောင်မောင်တို့မှ စတင်တီထွင်ခဲ့သည်။
  • ပထမဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးသည့် ဓာတ်ပုံကင်မရာအမျိုးအစားမှာ “ဘေဘီအင်ဇိုင်း” ကင်မရာဖြစ်သည်။
  • ပထမဆုံး မြန်မာသတင်းကားမှာ ဥိးထွန်းရှိန်၏ ဈာပနအခမ်းအနားဖြစ်သည်။
  • ပထမဆုံး မြန်မာ့ရုပ်ရှင်ဇာတ်ကား၏ ၀တ္ထုကို ၁၉၂၀ ခုနှစ်တွင် စာရေးဆရာပီမိုးနင်းက ရေးသားခဲ့၍ ယင်းဇာတ်ကား၏ အမည်မှာ “မေတ္တာနှင့်သူရာ” ဖြစ်သည်။
  • ပထမဆုံး သွန်သင်ပြသသူ ရုပ်ရှင်ဒါရိုက်တာမှာ ဦးပု(ခ) ဦးတုတ်ကြီးဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဆောင်မင်းသားနှင့် မင်းသမီးမှာ ဦးညီပုနှင့် မရီ (ခ) မအေးကြည် ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်ဇာတ်ရံများမှာ မောင်မောင်ချစ်၊ ဦးပု၊ ဦးပါကြီး၊ ဦးငြိမ်း၊ ဦးမောင်မောင်ကလေး၊ ဦးတင်ဖေ (မောင်မောင်စိုး) တို့ ဖြစ်ကြပါသည်။
  • ၁၉၂၀ ခုနှစ်တွင် ပထမဆုံး မြန်မာ့ရုပ်ရှင်ကား တီးဝိုင်းကို ဆရာဦးကာမှ စတင်တည်ထောင်ခဲ့သည်။
  • ပထမဆုံး မြန်မာရုပ်ရှင် ပြသခဲ့သည့် ရုပ်ရှင်ရုံ၏ အမည်မှာ “စီနီမာဒီပဲရစ်” ဖြစ်သည်။
  •  မြန်မာရုပ်ရှင်ကားအတွက် ရုပ်ရှင်ဆင်ဆာအဖွဲ့ ဖွဲ့သည့်နှစ်မှာ ၁၉၂၂ ခုနှစ် ဖြစ်သည်။
  • ပထမဆုံး နှစ်ကိုယ်ခွဲ ဓာတ်ပုံလှည့်စားချက်ဖြင့် ရိုက်သည့်ကားမှာ “ခင်ခင့် အမှာတော်ပုံ” ကားဖြစ်သည်။
  • ၁၉၂၂ ခုနှစ်တွင် ကောလိပ်ကျောင်းသားမှ ပထမဆုံး ရုပ်ရှင်မင်းသားဖြစ်လာသူမှာ ဒဂုဏ်ပ ဦးဘတင် ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်လူရွှင်တော်မှာ ပေါစံကြီး (ဦးဘထွန်း) ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်ကားတို၏ အမည်မှာ “အနှိပ်သည်” ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်ကားပြ အော်ပရေတာအမည်မှာ ဦးစိုးမောင်ဖြစ်သည်။
  • ပထမဆုံး မှန်၊ အမိုးအကာ ရုပ်ရှင်စတူဒီယိုကို ၁၉၂၂ ခုနှစ်တွင် “ဘားမားဖလင်” ကုမ္ပဏီမှ စတင် တည်ဆောက်သည်။
  • မန္တလေးနန်းဆောင်များကို ၁၉၂၁ ခုနှစ်တွင် ဒဂုဏ်ပဦးဘတင်မှ ပထမဆုံး စတင် ရိုက်ကူးခွင့်ရခဲ့သည်။
  • အငြိမ့်မင်းသမီးမှ ပထမဆုံး ရုပ်ရှင်မင်းသမီးဖြစ်လာသူမှာ ၁၉၂၃ ခုနှစ်တွင် ရိုက်ကူးသည့် “ဥစ္စာစောင့်မကလေး” ကားမှ မမြညွှန့် ဖြစ်သည်။
  • ၁၉၂၃ ခုနှစ်တွင် ရိုက်ကူးသည့် “ပန်းဘဲမောင်တင့်တယ်” ဇာတ်ကားမှ ဒေါက်တာဝါလ်တာချစ်ထွန်းသည် ကာယဗလမောင်ဘွဲ့ရ ပထမဆုံး ရုပ်ရှင်မင်းသား ဖြစ်သည်။
  • ပထမဆုံး မြန်မာစတန့်ရုပ်ရှင်ဇာတ်ကားမှာ ဗြိတိသျှဘားမားမှ ရိုက်ကူးသည့် “တစ်ကိုယ်တော်” ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်စတန့်မင်းသားမှာ ကျော်စိုးဖြစ်သည်။
  • ဇာတ်လမ်းတခုတည်းကို ရုပ်ရှင်ကုမ္ပဏီနှစ်ခုမှ တပြိုင်တည်း ရိုက်ကူးသည့် ကားများမှာ (၁) ပန်းဘဲမောင်တင့်တယ် (၂) အိမ်တွင်းမင်းမဟာဂီရိတို့ဖြစ်သည်။
  • ပထမဆုံး အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာမှာ မဟာဒုတ်ရုပ်ရှင်မှ ဒေါ်ခင်ညွှန့်ဖြစ်သည်။
  • အလှအပနှင့် ၀တ်စားဆင်ယင်မှုအတွက် ပထမဆုံး ရွှေတံဆိပ်ဆုရသူမှာ ရုပ်ရှင်မင်းသမီး ခင်ထားဖြစ်ပြီး မင်းသားမှာ မောင်ဘတင့် ဖြစ်သည်။
  • ကိုယ်ပိုင်မော်တော်ကား ပထမဆုံးး ၀ယ်စီးနိုင်သူ ရုပ်ရှင်မင်းသားမှာ မောင်ဘတင့်ဖြစ်သည်။
  •  နိုင်ငံခြား(သီဟိုဠ်) သို့ ပထမဆုံး သွားရောက် ရိုက်ကူးသည့်ကားမှာ “စွယ်တော်သမိုင်း” ဖြစ်သည်။
  • အိန္ဒိယသို့ ပထမဆုံး သွားရောက်ရိုက်ကူးသည့် ဇာတ်ကားမှာ “ငွေပေးလို့မရ” (၁၉၂၃) ဖြစ်သည်။
  • မီးပုံးပျံစီး၍ ရိုက်ကူးခဲ့သည့် ပထမဆုံးကားမှာ “မြဂနိုင်” (၁၉၃၄) ဖြစ်သည်။
  •  လေယာဉ်ပျံစီး၍ ပထမဆုံး ရိုက်ကူးခဲ့သည့် ဇာတ်ကားမှာ “လူစွမ်းကောင်း” ဖြစ်သည်။
  • ထိုးခန်း ကြိတ်ခန်းများစွာပါဝင်သော ပထမဆုံး ဇာတ်ကြမ်းကားကို ဗြိတိသျှဘားမားက “ရွှေသဇင်” ဇာတ်ကားဖြင့် စတင်နိုင်ခဲ့သည်။
  • လန်ဒန်အတ်မှ ရိုက်ကူးသော “ရတနာပုံ” (၁၉၂၃) နှင့် မြန်မာအဆွေမှ ရိုက်ကူးသော “မှိုင်းဝေေ၀” (၁၉၂၅) တို့ကို ပထမဆုံး အပိုင်းရှည်ဇာတ်ကားများအဖြစ် သတ်မှတ်ကြသည်။
  • ပထမဆုံး နိုင်ငံခြား (ထိုင်းနိုင်ငံ) သို့ ပြသခဲ့သည့် ဇာတ်ကားမှာ “နန်းညွှန့်နွယ်” (၁၉၃၀ ) ဖြစ်သည်။
  • အိန္ဒိယပြည်သို့ တင်ပို့ခဲ့သည့် ပထမဆုံးဇာတ်ကားမှာ “မြိုင်ယံဘွား” (၁၉၃၉) ဖြစ်သည်။
  • ဥပရောပတိုက်သို့ ပထမဆုံး တင်ပို့ပြသခဲ့သည့်ဇာတ်ကားမှာ “ဆုထူးပန်” (၁၉၃၅) ဖြစ်သည်။
  •  နိုင်ငံခြား အင်္ဂလိပ်ရုပ်ရှင် လာရောက်ရိုက်ကူးရာတွင် ပါဝင်သရုပ်ဆောင်ခွင့်ရသည့် ပထမဆုံးသော မြန်မာရုပ်ရှင်မင်းသားမှာ “ရက်စ်ရှဲဒိုး” ကားမှ ဦးမောင်မောင်ကလေးဖြစ်သည်။
  •  အင်္ဂလန်နိုင်ငံသို့ မိမိစရိတ်ဖြင့် ရုပ်ရှင်ပညာသွားရောက်သင်ကြားသူများထဲတွင် ဦးဘသက်တင် အစောဆုံး ဖြစ်သည်။
  • ရုပ်ရှင်ကားတကားတွင် ရုပ် (၅) မျိုး ပြောင်းလဲရိုက်ကူးသည့် ပထမဆုံး ပညာရှင်မှာ ၁၉၂၅ ခုနှစ်တွင် ရိုက်ကူးပြသခဲ့သည့် “မှိုင်းဝေေ၀” ကားမှ ကာတွန်းဦးဘကလေးပင် ဖြစ်သည်။
  •  နိုင်ငံခြားရုပ်ရှင်ပညာသည်များ မြန်မာအ၀တ်အစားနှင့် ရိုက်ကူးခဲ့သည့် ပထမရုပ်ရှင်ကားမှာ ၁၉၂၃ ခုနှစ်တွင် လန်ဒန်အတ်ကုမ္ပဏီမှ ရိုက်ကူးသည့် “ရိုးရာဇာတိနှင့် ချာလီ” ကားဖြစ်သည်။
  • ဇာတ်သဘင် ပညာရှင်များ ပါဝင်ရိုက်ကူးသည့် ပထမဆုံးကားမှာ “သတ္တ၀ိဇန” ကားဖြစ်၍ မင်းသားကြီး ဂရိတ်ဦးဖိုးစိန် ပါဝင်သရုပ်ဆောင်သည်။
  • ပထမဆုံး မြန်မာသီချင်းဖြင့် ရိုက်ကူးသော ကားနှစ်ကားမှာ ၁၉၂၉ ခုနှစ်တွင် ရိုက်ကူးသည့် “ကိုကိုဆောင်း” နှင့် “လာမယ် လာမယ် မကြည်ရဲ့” ရုပ်ရှင်ကားများ ဖြစ်သည်။
  • ပထမဆုံးကာတွန်းရုပ်ရှင် စီစဉ်ရေးဆွဲ ရိုက်ကူးသူများမှာ ကာတွန်းဦးဟိန်းစွန်းနှင့် ဇ၀န (ဦးသိန်း) တို့ဖြစ်သည်။
  •  အသံတိတ်ကားကို မိုက်ကရိုဖုန်းနှင့် အသံထွက်ပြုလုပ်ပြသသည့်ကားမှာ ဗန္ဓုလရုပ်ရှင်မှ ရိုက်ကူးသည့် “မှော်ဝိဇ္ဇာ” ဖြစ်သည်။
  • ပထမဆုံးသော အသံထွက် ဇာတ်ကားအဖြစ် “ငွေပေးလို့မရ” ဇာတ်ကားကို ဘုံဘေမြို့တွင် သွားရောက် ရိုက်ကူးခဲ့သော်လည်း အသံကြည်လင်ပြတ်သားမှု မရှိခဲ့ဘဲ ဗြိတိသျှဘားမားက ပြည်တွင်းတွင် ရိုက်ကူးခဲ့သည့် “ပဋိက္ခရားနှင့် ရွှေအိမ်စည်” ဇာတ်ကားကသာ အသံအရည်အသွေးကောင်းစွာ ရိုက်ကူးနိုင်ခဲ့သည်။
  • ပထမဆုံး မြန်မာအသံထွက် ဇာတ်လမ်းရှည်ကားမှာ ဗြိတိသျှဘားမားက ရိုက်ကူးသည့် “လောကနိဗ္ဗာန်” ဖြစ်သည်။
  • ဗိုလ်ချုပ်အောင်ဆန်းနှင့် ကောလိပ်ကျောင်းသား သပိတ်မှောက်ခေါင်းဆောင်များ ပါဝင်ရိုက်ကူးသည့် ဇာတ်ကားမှာ ဗြိတိသျှဘားမားမှ ၁၉၃၅ ခုနှစ်တွင် ရိုက်ကူးသည့် “ဘွိုင်ကော့တား” ဖြစ်သည်။
  • ပုလိပ်မင်းကြီး၏ အမိန့်နှင့် ပထမဆုံး အပိတ်ခံရသည့်ကားမှာ ၁၉၃၃ ခုနှစ်တွင်  ပဲရောက်ကုမ္ပဏီမှ ရိုက်ကူးသည့် "၀မ်းစမိုး" ဖြစ်သည်။
  • ဂျပန်ပြည်သို့ ပထမဆုံးသွားရောက်၍ ဂျပန်မင်းသမီးနှင့် တွဲဖက် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ “ဂျပန့်ရင်သွေး” ဖြစ်ပြီး ရိုက်ကူးသူများမှာ ဦးညီပုနှင့် မောင်မောင်စိုးတို့ ညီအကိုနှစ်ယောက်ဖြစ်သည်။
  •  မြန်မာအမျိုးသမီး ဦးစီးတည်ထောင်သော ပထမဆုံးရုပ်ရှင်ကုမ္ပဏီပိုင်ရှင်မှာ "ရန်ကုန်ရုပ်ရှင် ဒေါ်မမ" ဖြစ်သည်။
  •  ပထမဆုံး ရုပ်ရှင်မဂ္ဂဇင်းအမည်မှာ ၁၉၂၇ ခုနှစ်တွင် ထုတ်ဝေသည့် “ရုပ်ရှင်ပညာမဂ္ဂဇင်း” ဖြစ်သည်။
  •  ပထမဆုံး ရုပ်ရှင်ပညာစာအုပ်မှာ ၁၉၂၈ ခုနှစ်တွင် ဦးမောင်မောင်ရေးသည့် “ရုပ်ရှင်ပညာ” စာအုပ်ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်အသင်းကို ၁၉၃၅ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
  • ပထမဇာတ်လမ်းကာတွန်းကား "မိုက်ခဲဟေ့" ကို ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှဘားမားမှ ကာတွန်းပန်းချီဆရ ဦးလှ (ပျဉ်းမနား) က ရိုက်ကူးပြသခဲ့သည်။
  • ပထမဆုံး ကြော်ငြာကာတွန်းကို ၁၉၂၈ ခုနှစ်တွင် ဦးဘကလေး (ရွှေတလေး)မှ စတင်ရေးဆွဲ ရိုက်ကူးခဲ့သည်။
  • အင်္ဂလိပ်အစိုးရ ရုပ်ရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးသည့်နှစ်မှာ ၁၉၂၇ ခုနှစ်ဖြစ်သည်။
  • အသံထွက်ကားတွင် နှစ်ကိုယ်ခွဲ ပထမဆုံးရိုက်ကူးသည့် မင်းသားမှာ အေ၀မ်းတင်မောင်ဖြစ်ပြီး “တစ်လိမ် နှစ်လိမ်” ဇာတ်ကားတွင်ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်အလုပ်သမားများ သပိတ်မှောက် အရေးတော်ပုံမှာ ၁၉၃၇ ခုနှစ်တွင် ဗြိတိသျှဘားမား ကုမ္ပဏီ၌ ဖြစ်ပွားခဲ့သည်။
  • ၁၉၃၈ ခုနှစ်တွင် ဖွဲ့စသည်းသည့် မြန်မာပြည်အစိုးရ ရုပ်ရှင်စုံစမ်းရေး ဗဟိုအကြံပေးအဖွဲ့တွင် ပါဝင်သော ပုဂ္ဂိုလ်များမှာ ဦးဘရီ၊ ဦးဘ၊ ဦးညီပု၊ မစ္စတာနာရမ်နှင့် ဦးမောင်မောင်တို့ ဖြစ်သည်။
  • ပထမဆုံး မြန်မာရုပ်ရှင်ဇာတ်ညွှန်းကို ၁၉၂၇ ခုနှစ်တွင် ၀န်ထောက်ဦးရွှေဇံအောင် ရေးခဲ့သည်။
  • ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံများကို ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များတွင် အမှောင်ချ စစ်ဆေးစမ်းသပ်ခဲ့သည်။
  •  “ရုပ်ရှင်အလုပ်သမားနေ့” ကို ၁၉၄၀ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ပဲရောက်ရုပ်ရှင်ကုမ္ပဏီမှ ဦးဆန်နီ (ပဲရောက်)က စတင်ကျင်းပပြုလုပ်ခဲ့သည်။
  • ဂျပန်အစိုးရခေတ် ပထမရုပ်ရှင်သဘင်ပွဲကို ၁၉၄၂ ခုနှစ်တွင် ဒါရိုက်တာဆရာခန့် ခေါင်းဆောင်ပြီး ကိုဘတင့်၊ ကိုကျော်အေး၊ ခင်ခင်ရီ၊ ခင်ခင်တင့်၊ ဖိုးပါကြီး၊ ဦးချစ်တင်တို့နှင့် ကပြခဲ့ကြသည်။
  • ဗမာ့လွတ်လပ်ရေးမော်ကွန်းတင်ကားကို ၁၉၄၃ ခုနှစ်တွင် ရွှေညာမောင် (ဦးချင်းစိန်) သည် ဓာတ်ပုံဆရာဦးသာဂေါင်နှင့် ပူးတွဲရိုက်ကူးခဲ့သည်။
  • စစ်ပြီးသည့်နောက် ပထမဆုံးမြန်မာရုပ်ရှင်ကားကို ၁၉၄၆ ခုနှစ်တွင် နယူးဘားမားရုပ်ရှင်မှ “ဗမာသစ်” အမည်ဖြင့် ရိုက်ကူးပြသခဲ့သည်။
  • စစ်ကြီးပြီးသည့်နောက် ၁၉၄၇ ခုနှစ်တွင် ရုပ်ရှင်စစ်ဆေးရေး ဆင်ဆာဘုတ်အဖွဲ့၌ ပါဝင်သူများမှာ ဦးညွှန့်နှင့် ဦးအုန်းမောင်တို့ဖြစ်သည်။
  • အမည်တလုံးတည်းရှိသော ပထမဆုံးရုပ်ရှင်ကား၏ အမည်မှာ ဆွေဗမာဖလင်မှ ရိုက်ကူးသည့် “အား” (၁၉၄၇) ဖြစ်သည်။
  • ရုပ်ရှင်ရုံများတွင် ပွဲတော်ခွန် စတင်ကောက်ယူသောနေ့မှာ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာ (၁) ရက်နေ့ ဖြစ်သည်။
  • ရုပ်ရှင်ကားအဖြစ် ပထမဆုံးရိုက်ကူးသော ပြဇာတ်မှာ “ရတနာသိုက် (မြိုင်)” (၁၉၄၇) ဖြစ်သည်။
  • ပထမဆုံး ၁၆ မမ ဆေးရောင်စုံရုပ်ရှင်ကားမှာ ရန်ကုန်ရုပ်ရှင်၏ “ချစ်သွေးညီ” ဇာတ်ကား (၁၉၄၈) ဖြစ်သည်။
  • ရုပ်ရှင်ဆင်ဆာအဖွဲ့မှ ကားအမည်ကို ခွင့်မပြု၍ အမည်ပြောင်းလိုက်ရသောကားမှာ “ရဲသတ္တိ” (၁၉၄၈) မူလအမည် “ကြယ်နီရောင်” ဖြစ်သည်။
  • ပထမဆုံး မြန်မာသံစုံကားမှာ ၁၉၅၁ ခုနှစ်တွင် အေ၀မ်းမှ ရိုက်ကူးသည့် “သမိုင်းညွှန့်ပေါင်း” ကားဖြစ်သည်။
  • ၁၆ မမ အသံတိတ်တ၀က်၊ အသံထွက်တ၀က် ရိုက်ကူးခဲ့သည့်ကားမှာ မင်္ဂလာညွှန့်ဖလင်မှရိုက်သည့် “မြိုင်ယံရှင်” (၁၉၅၂) ဖြစ်သည်။
  • ၁၉၄၈ ခုနှစ်တွင် ငြိမ်းချမ်းရေးဒိုင်းဆုရသည့် ရုပ်ရှင်ကားမှာ “ချိန်တန်ပြီ” ဖြစ်သည်။
  •  နိုင်ငံခြားရုပ်ရှင်ပွဲတော်ကို ၁၉၅၃ ခုနှစ်တွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်သည့်ကားမှာ “ရတနာပုံ” ဖြစ်သည်။
  •  ဒီမိုကရေစီ ရုပ်ရှင်အမည်ဖြင့် ၁၉၅၄ ခုနှစ် အစိုးရမှ ဦးဆောင်ရိုက်ကူးသည့်ကားမှာ “လူထုအောင်သံ” ဖြစ်သည်။
  • ရန်ကုန်မြို့တွင် ပထမဆုံး ၀င်ငွေ ၅ သိန်းရသည့် ရုပ်ရှင်ကားမှာ ၁၉၅၇ ခုနှစ်တွင် ပြသည့် မန္တလေးရုပ်ရှင်၏ “ဘ၀သံသရာ” ဇာတ်ကားဖြစ်သည်။
  • ပထမဆုံး ၃၅ မမ ဆေးရောင်စုံရုပ်ရှင်ကားမှာ ရန်ကုန်ရုပ်ရှင်မှ ရိုက်ကူးသည့် “ချစ်ခဲ့တာ အမှန်ပါပဲ” (၁၉၅၇) ဖြစ်သည်။
  • ပထမဆုံး မြင်ကွင်းကျယ် မြန်မာရုပ်ရှင်ကားမှာ ၁၉၅၇ ခုနှစ်တွင် ဆွေဗမာဖလင်မှ ရိုက်ကူးခဲ့သော “ရွှေတိဂုံသမိုင်း” ဖြစ်သည်။
  • ရန်ကုန်မြို့တွင် မပြဘဲ နယ်တွင် ပထမ ပြသသည့်ကားမှာ ၁၉၆၂ ခုနှစ်တွင် အနမ်းပင်ကော်ပြားမှ ရိုက်ကူးသည့် “မွတ်ကလုံမမ” ဖြစ်သည်။
  • ပထမဆုံး ရုပ်ရှင်ပညာသင်ကျောင်းကို ဦးချင်းစိန် (ရွှေညာမောင်) က ၁၉၅၈ ခုနှစ်တွင် ယင်း၏နေအိမ် ကျွန်းတောလမ်း၊ စမ်းချောင်း၌ပင် ဖွင့်လှစ်ခဲ့သည်။ ဒါရိုက်တာ စိန်ဖေတင်မှာ ယင်းရုပ်ရှင်ပညာသင်တန်း ကျောင်းဆင်းတဦးဖြစ်သည်။
  • ရုပ်ရှင်ဒါရိုက်တာ ၅ ဦး ပူးတွဲ၍ ရိုက်ကူးသည့်ကားမှာ ၁၉၆၅ ခုနှစ်တွင် ရွှေနှင့်မြရုပ်ရှင်မှ ရိုက်ကူးသည့် “ဘာလိုလို” ဇာတ်ကားဖြစ်သည်။
  • သတင်းစာတွင် ပါသည့်ကာတွန်းဇာတ်လမ်းကို ၁၉၆၅ ခုနှစ်တွင် ရန်ကုန်ရုပ်ရှင်မှ “ခင်” အမည်ဖြင့် ရိုက်ကူးပြသခဲ့သည်။
  •  ပထမဆုံး အသံထွက် ကာတွန်းဇာတ်လမ်းမှာ ၁၉၆၅ ခုနှစ်တွင် မင်္ဂလာညွှန့်ဖလင်မှ ရိုက်ကူးသည့် “ပြည်သူ့ငလက်မ” ဖြစ်သည်။
  • အလင်္ကာကျော်စွာဘွဲ့ရသော ရုပ်ရှင်ပညာသည်များမှာ ဦးတင်မောင်၊ ဦးသုခ၊ ဦးဥာဏ၊ ဦးစိန်ဝေလျှံနှင့် ဦးချင်းစိန်တို့ဖြစ်သည်။
  • ၀ဏ္ဏကျော်ထင်ဘွဲ့ရသော ရုပ်ရှင်ပညာသည်များမှာ ရန်နိုင်စိန်၊ ဦးချန်ထွန်း၊ ဦးဇေယျ၊ ဦးမျိုးချစ်၊ ဒေါ်မေရှင်၊ ဒေါ်မေသစ်၊ ဖိုးပါကြီးနှင့် ဒေါ်ကြည်ကြည်ဌေးတို့ ဖြစ်ကြသည်။
  •  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၅၂ ခုနှစ်မှစ၍ ပေးခဲ့သည်။
  • ပထမဆုံး ရုပ်ရှင်ဇာတ်ကားပထမဆုကို ချစ်သက်ဝေက ရရှိ၍ အမျိုးသားဇာတ်ဆောင်ဆုကို ကျော်ဝင်းက မာလာရီဇာတ်ကားဖြင့်၊ အမျိုးသမီး ဇာတ်ဆောင်ဆုကို ကြည်ကြည်ဌေးက ချစ်သက်ဝေ ဇာတ်ကားဖြင့် ရရှိသည်။
  • ၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာထူးချွန်ဆု တိုးချဲ့ချီးမြှင့်ခဲ့ပြီး ဦးသုခက ဦးစွာ ရရှိခဲ့သည်။ ၎င်းနှစ်တွင်ပင် အမျိုးသမီး ဇာတ်ပို့ဆုကိုလည်းကောင်း၊ ၁၉၅၅ ခုနှစ်တွင် ကလေးသရုပ်ဆောင်ဆုကိုလည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံဆုကိုလည်းကောင်း၊၁၉၅၈ ခုနှစ်တွင် အမျိုးသားဇာတ်ပို့ဆုကိုလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ရုပ်ရှင်တေးဂီတဆုကိုလည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် ရုပ်ရှင်အသံဆုကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ဇာတ်ညွှန်းဆုကိုလည်းကောင်း၊ ၁၉၉၇ တွင် ရုပ်ရှင်တည်းဖြတ်ဆုကိုလည်းကောင်း အစပြု ချီးမြှင့်နိုင်ခဲ့သည်။
  •  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမ၊ ၀ိဇယရုပ်ရှင်ရုံ၊ နတ်မောက်လမ်းရှိ စက်မှုလက်မှုကျောင်းဝင်း၊ ၀င်္ကပါလမ်းရှိ ရုပ်ရှင်ပြဇာတ် အစည်းအရုံးခြံဝင်း၊ ရွှေတောင်ကြားလမ်းရှိ  နိုင်ငံတော်ရုပ်ရှင်လုပ်ငန်းမြှင့်တင်ရေးအဖွဲ့ဝင်း
    မြက်ခင်းပြင်၊ ဘုရားလမ်းရှိ ဂျူဗလီဟောကွက်လပ်၊ ပြည်လမ်းရှိ အသံလွှင့်ရုံစတူဒီယို (အေ)နှင့် မြန်မာ့အသံမြက်ခင်းပြင်၊ အင်းလျားကန်ဟိုတယ်၊ န၀ဒေးရုပ်ရှင်ရုံ၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၊ သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) နှင့် နေပြည်တော် လဟာပြင်ကဇာတ်ရုံတို့တွင် ကျင်းပခဲ့သည်။
  •  မြန်မာ့ရုပ်ရှင် ငွေရတုသဘင်အခမ်းအနားကို စစ်ပြီးခေတ် ပထမ မြန်မာစက်မှုလက်မှုပြပွဲကြီးနှင့်အတူ ကျင်းပခဲ့ပြီး အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံဆာဟူးဘတ်ရန့်စ်တို့က ဖွင့်လှစ်ပေးခဲ့ကာ ၁၉၄၇ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့သည်။ ရွှေရတုသဘင်အခမ်းအနားကိုမူ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇ မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်ကို ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။


မျက်ရှု

(ကိုးကား။    ။
၁။ ရုပ်ရှင်သမိုင်းနှင့် မြန်မာ့ရုပ်ရှင်မှတ်တမ်း၊ အေးအေးစိုး (ဖျာပုံ)၊ စာပေဗိမာန်ဆုရစာမူ
၂။ မြန်မာ့ရုပ်ရှင်သမိုင်းစဉ်၊ ငွေရတုကာလ)


Refhttp://www.myatshu.com/

0 comments: