Wednesday, June 29, 2011 - 0 comments

သားချစ်အတွက် ပေးစာ

သားချစ် (Seth)

သားအသက် အခုမှ(၃)နှစ်ပဲရှိသေးတော့ သားစာမဖတ်တတ်သေးဘူး။ ဒီစာထဲမှာ သားကိုဖေဖေပြောပြချင်တဲ့ အကြောင်းအရာတွေကို သားပိုလို့နားလည်သေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သားရင်ဆိုင်ကြုံတွေ့လာရမယ့်ဘဝနဲ့ ဖေဖေရဲ့ဘဝအခြေအနေ၊ ဖေဖေသင်ခဲ့တာတွေ ဒါတွေကို ဖေဖေအချိန်ယူပြီး တွေးတောခဲ့တယ်။ သားရင်ဆိုင်ကြုံတွေ့လာရမယ့် အခက်အခဲတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဖခင်တစ်ဦးဖြစ်တဲ့ ဖေဖေ့မှာ တာဝန်ရှိတယ်လို့ ဖေဖေထင်တယ်။

စာထဲကအကြောင်းအရာကို ဒီကနေ့ သားနားလည်သေးမှာ မဟုတ်ဘူး။ ဒါပေမယ့် တစ်ချိန်ချိန် သားကြီးပြင်းလာတဲ့အခါ ဖေဖေမျှဝေခဲ့တဲ့ အကြောင်းအရာတွေထဲကနေ အသိပညာနဲ့ တန်ဖိုးတချို့ကို သားရှာတွေ့နိုင်မယ်လို့ ဖေဖေမျှော်လင့်တယ် သား။

Friday, June 24, 2011 - 0 comments

ရှေးရှေးတုန်းက မြန်မာအီဒီယမ်

ကညာစစ်သည်
နှေးကွေးလေးလံစွာ ပြုမူခြင်း
အပျိုစင် မိန်းကလေးများသည် ရဲတင်းဖျတ်လတ်ခြင်း နည်းပါး၍ မရဲတရဲ၊
မ၀ံ့တ၀ံ့နှင့် ရှက်စနိုးအမူအရာဖြင့် နှေးကွေးဇာချဲ့၍ ပြုမူလှုပ်ရှားတတ်ကြသည်ဖြစ်ရာ တစ်စုံတစ်ရာကို နှေးကွေးလေးလံစွာ ကနွဲ့ကလျ လှုပ်ရှားဆောင်ရွက်နေသူအား အပျိုစင်ကလေးကဲ့သို့ ပြုလုပ်နေလေရော့သလားဟု အပြစ်တင်သောအားဖြင့် အပျိုစစ်ကျနေသည်၊ ကညာစစ်နေသည် စသည်ဖြင့် တင်စားပြောဆိုကြသည်။


ကလိန်စေ့ ငြမ်းဆင်သည်
မဖြစ်နိုင်သည်ကို လုပ်ကြံသည် ကလိန်ပင်မှ ကလိန်သီး၏ အစေ့သည် ပြောင်ချော၍ နေလေသည်။ ထိုကလိန်စေ့ကို တစ်စေ့ပေါ်တွင်တစ်စေ့ ချောမကျအောင် ဆင့်တင်ရန် ခက်ခဲလှပေသည်။ ထိုသို့
မဖြစ်နိုင်ဘဲလျက် အလွန်မြင့်သော လူတက်ရောက်စရာ ငြမ်းအဖြစ်ဆင်သည်ဟု ဆိုသည်မှာ အလွန့်အလွန် မဖြစ်နိုင်သော အလုပ်တစ်ခုကို လုပ်နေကြောင်း လေးနက်အောင် ပမာပြုခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့် မဖြစ်နိုင်သည်ကို ပြုလုပ်သည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ တင်စား၍သုံးသည်။ သို့ရာတွင် "ကလိမ်"
ဟူသော အသံနှင့် "ဆင်" ဟူသော အသံကိုစွဲ၍ "လိမ်လည်၍ ဉာဏ်ဆင်သည်" ဟူ၍လည်း
အမှတ်ထားကာ သုံးကြသည်။ မဟုတ်နိုင်သည်ကို အဟုတ်လုပ်၍ ပြောခြင်းကို ချေဆိုခိုင်းနှိုင်းရာ၌မူကား မူလအဓိပ္ပါယ်အရလည်း ဆီဆိုင်ပေသည်။