Monday, November 21, 2011 - , 0 comments

သန်းကြွယ်သူဌေးတွေ ဘယ်လို လုပ်ခဲ့ကြသလဲ

သန်းကြွယ်သူဌေး ဆိုသည်မှာ အရပ်မြင့်မြင့်၊ ဝဝဖိုင့်ဖိုင့်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသော ဘဏ်လုပ်ငန်းရှင် ပုံစံမျိုး၊  ဥပဓိရုပ် ခံညားပြီး ကမ္ဘာ့နိုင်ငံ တော်တော်များများကို လေယာဉ်ပျံဖြင့် အိမ်ဦးကြမ်းပြင် သွားလာနေတတ်သူ၊ အကောင်းဆုံး၊ မော်ဒယ်အမြင့်ဆုံး ကားများကို ပိုင်ဆိုင်သူ ဆောက်လုပ်ရေး လုပ်ငန်း သန်းကြွယ်သူဌေးကြီး ဒွန်နယ်ထရန့်လို လူစားမျိုးအဖြစ် တွေးမြင် ထင်မှတ်ကောင်း ထင်မှတ်နေကြပေမည်။ သို့သော် လက်တွေ့ဘဝတွင်ကား သည်လိုမဟုတ်ပါ။ ယနေ့ ခေတ်ကာလ သန်းကြွယ် သူဌေးကြီး များသည် အလယ် အလတ်တန်းစား ရပ်ကွက်များ၌သာ နေထိုင်ပြီး အချိန်ပြည့် အလုပ်လုပ်နေသူများ ဖြစ်သည်။ ဈေးဝယ်ရာတွင်လည်း အများသူငါလိုပင် လျှော့ဈေးဖြင့် ရောင်းသော ဆိုင်များတွင်သာ ဝယ်လေ့ ရှိကြသည်။ တကယ်တော့ သူတို့သည် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို အလေးမတင်းလှချေ။ ငွေကြေး ပြည့်စုံမှုကြောင့် ရရှိလာမည့် အခွင့်အရေးကိုသာ မက်မော တွယ်တာကြသူများ ဖြစ်သည်။

Tuesday, November 1, 2011 - 0 comments

ကျွန်တော့်မြေမှာ

ပန်းပွင့်ကို ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ထုံနံ့သာ ငုံကာဖူးခါမှ၊
လက်ဦးသူ .. ချိုး။

အသီးကို ကျွန်တော်မင်၊
အပင်ကို ကျွန်တော်ပျိုး။
သီးကင်းငုံ ပေါ်ကာထွက်ခါမှ၊
လက်ဦးသူ .. ခိုး။

- 0 comments

လူ – မောင်စိန်ဝင်း (ပုတီးကုန်း)

ပန်းတစ်ဖူးကို၊ ခူး၍ကျေနပ်
လောဘသတ်ခိုက် ………


ရှေ့မှာတပွင့်၊ လွယ်လင့်တကူ
ယူ၍ရခိုက်၊ ခူးလိုက်မိပြန် …………….


ပြန်မှပြန်မှ၊ သတိရနေ
ခြေကမလှည့်၊ တည့်တည့်စိုက်စိုက်
လိုက်နေမိပြန်၊ ပန်းမှာတစ်ဖူး
ခူးပြီးတစ်ရာ၊ အခွင့်သာခိုက်
ရရာအားလုံးဆွတ်ချင်သူ….


လက်ထဲခြင်းထဲ၊ ပြန့်ကျဲပြည့်သိပ်
စိတ်မတင်းတိမ်၊ အိမ်မပြန်သေး
ခပ်ဝေးဝေးက၊ ဖွေးဖွေးပန်းတွေ
မက်မောနေပြန်၊ လှည့်မပြန်မိ….


ပင်လယ်ရေနောက်၊ မခန်းခြောက်လည်း
တစ်ယောက်ထဲသာ သောက်ချင်သည် ………


မောင်စိန်ဝင်း (ပုတီးကုန်း)

Ref: http://www.poemscorner.com/post-type/myanmar-poems/1178

အချိန်ကို မှတ်သားခြင်း နှင့် မြန်မာ့ ဆယ့်နှစ်လ၏ နေ့တာ ညတာများ

နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်၊ တာရာတို့သည် အစဉ်မပြတ် လှည့်ပတ်သွားလာ လှုပ်ရှားနေကြ၏။ ထိုသို့ လှည့်ပတ်သွားလာ လှုပ်ရှားနေကြသည်နှင့်အမျှ အချိန်တို့သည်လည်း ရှေ့သို့တရွေ့ရွေ့နှင့် ရွေ့လျားသွားလာနေကြ၏။ အချိန်သည် မည်သည့်အခါမျှ မရပ်၊ မည်သည့်အခါမျှ မတန့်၊ မည်သူ့ကိုမျှလည်း မစောင့်၊ မိမိဘာသာ စနစ်တကျ ပုံမှန် ရွေ့လျားသွားလာနေ၏။
ထို့ကြောင့်-
အချိန်နှင့် ဒီရေသည် လူကိုမစောင့်-ဟု
ဆိုစမှတ် ပြုထားကြခြင်းဖြစ်၏။
ဒီရေတို့သည်လည်း တက်ချိန်တန် တက်၍၊ ကျချိန်တန် ကျကြသည်-မဟုတ်ပါလော။
အချိန်သည် ယင်းသို့ ရှေ့သို့သာ ဦးတည်၍ ပုံမှန်ရွေ့လျား သွားလာနေခြင်းကြောင့် စက္ကန့်-က မိနစ် ဖြစ်လာ၏။ မိနစ်-က နာရီ ဖြစ်လာ၏။ နာရီ-က ရက်ဖြစ်လာ၏။ ရက်-က လဖြစ်လာ၏။ လ-က နှစ်ဖြစ်လာ၏။