Wednesday, July 11, 2012 - 0 comments

ထိပ်တန်းရောက်မည့်သူ

ယုံကြည်စိတ်ပြည့်ဝသူမှာ အရှိန်အဝါ ရှိသည်။ အဟန့် ရှိသည်။ ကမ္ဘာလောကသည် ယုံကြည်စိတ်ကြီးမားသူ များကို ရို့ပေး ကျုံ့ပေးတတ်သော သဘောရှိသည်။ အနှောင့်အယှက် အဟန့်အတား ဟူသည် ပြတ်ပြတ်သားသား လာသူအား မခုမရဲ၊ အလျင်အမြန်
 ဘေးဖယ်ပေးရမြဲ ဖြစ်သည်။ မဖယ်၍လည်း မရ။

သူတစ်ပါး သရော်လှောင်ပြောင် သည်ကို ဂရုမစိုက်သူ၊ ဝေဖန်တာ အပုပ်ချတာကို မဖြုံသူ၊ အကျိုးလိုလားသယောင် ဖျောင်းဖျနားချသော်လည်း တိမ်းစောင်းယိမ်းယိုင်မသွားသူ၊ သည်လိုလူမျိုးကို မည်သို့တားဆီးမည်နည်း။ ကံကြမ္မာဆိုး ကြုံ၍ မတုန်လှုပ်၊ ဆင်းရဲဒုက္ခကြောင့် စိတ်အားမငယ်၊ အခက်အခဲကြုံ၍လည်း ဆံတစ်ခြည်မျှ သွေဖည်မသွား၊ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကိုသာ မျက်ခြည်မပြတ် လှမ်းမြဲလှမ်းသူအား အချိန်တန်လျှင် အများအရိုအသေ ပြုရမည်မှာ မုချဖြစ်သည်။


မအောင်မြင်သူ အရေးနိမ့်သူ အရာမဝင်သူတို့ကား အဘယ်သို့သော သူများနည်း။ မယုံမရဲသူ ကိုယ့်တန်ဖိုးကိုယ် လျှော့တွက်သူများ ဖြစ်သည်။ ကိုယ့်မှာ တကယ်လုပ်လျှင် ဖြစ်နိုင်သည့် အရည်အချင်း အစွမ်းအစ ရှိပါလျက် သည်အပေါ် အားကိုးယုံကြည်မှုမရှိသည့်အခါ ရန်သူနှင့်တွေ့လျှင် ရင်မဆိုင်ရဲ၊ အခက်အခဲ ကြုံသည်နှင့် အလိုလို ဒူးထောက်အရှုံးပေးပြီးသား ဖြစ်နေလေသည်။

ငါသည်လောက်တော့ မစွမ်းသေးဘူး၊ နည်းနည်းလိုပါသေးတယ်၊ နောက် တဖြည်းဖြည်း အတွေ့အကြုံများလာတော့မှ၊ ဟူသော ဆင်ခြေမျိုးဖြင့် အမြဲနောက်ဆုတ်ပြေးရန် ဟန်ပြင်နေသူသည် အိုမင်း၍သာ သွားမည်၊

ပြောပဂုဏ်ယူလောက်စရာ ဘာအလုပ်တစ်ခုမှ ဖြစ်မြောက်အောင်မြင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
လူသည် အခက်အခဲကို ရင်ဆိုင်ရင်း၊ ကိုယ့်ထက်သာသူနှင့် ယှဉ်ပြိုင်လေ့ကျင့်ရင်း၊ အခြေအနေ
အကျပ်အတည်းများကြားတွင် ကိုယ့်စွမ်းအားများကို ညှစ်ထုတ်ရင်းသာ အတွေ့အကြုံများသူ၊ အရည်အချင်း ပြည့်ဝသူ၊ အစွမ်းထက်သူတစ်ဦး ဖြစ်လာနိုင်သည်။

ထို့ကြောင့်၊ ယနေ့သင့်မှာ မယုံရဲစိတ် အရှုံးသမားစိတ်တွေ ရှိနေသည်ဆိုပါစို့။ ယခုပင် ပြောင်းပြန်လှန်ပစ်လိုက်စမ်းပါ။ အားငယ်အားပျက်သည့် အတွေး၊ အရှုံးပေးမည့်အတွေးစတွေကို ဖြတ်တောက်ပစ်လိုက်ပါ။ သင့်ပန်းတိုင် ဘယ်မှာလဲ၊ မတ်မတ်ရပ်ကာ ရဲရဲကြည့်ပါ။ ပြဿနာမှန်သမျှကို နောက်ဆုတ်စရာ အကြောင်း လုံးဝမရှိဟူသော ရဲဝံ့ပြတ်သားသည့် စိတ်ထားဖြင့် ရင်ဆိုင်ဖြေရှင်းပါ။ သင့်ပတ်ဝန်းကျင် အနေအထားတွေ ပြောင်းလာလိမ့်မည်။ သင့်အတွက် အခြေအနေကောင်းတွေ ပေးလာလိမ့်မည်။

 Resource: ဖေမြင့် - (Genius)

0 comments: