Friday, July 13, 2012 - 0 comments

ဖေမြင့် - (Genius) မှ ကောက်နုတ်ချက်များ

ကိုယ့်ပညာကို အိတ်ဆောင်နာရီကဲ့သို့ သဘောထား။ ငါ့မှာ ရှိတယ်ဆိုပြီး ထုတ်ထုတ်မကြွားနဲ့၊  နာရီမေးတော့မှ ပြော။ ညစောင့်ဒရဝမ်များလို သံချောင်းထထခေါက်တာမျိုး မလုပ်နဲ့-တဲ့။

********

စွန်ဆိုတာ လေစုန်မှာ မျှောပေးရင် လွင့်သာလွင့်သွားမယ်၊ တက်မလာဘူး၊ လေဆန်ဆွဲတင်းမှ
ထောင်တက်သွားတာ။ အထက်တက်ချင်တဲ့သူဟာ ရုန်းကန်ဆန်တက်ဖို့ ဝန်မလေးသင့်ဘူး။


********

လူတစ်ယောက်၏ 'အကျင့်' သို့မဟုတ် 'စရိုက်လက္ခဏာ' ဟူသည် တစ်စုံတစ်ရာကို ထပ်တလဲလဲ
အချိန်ကြာကြာလုပ်ကိုင်ရင်း စွဲမြဲလာသောအရာ ဖြစ်သည်။ မိမိဘဝကို ကောင်းမွန်အောင် တည်ဆောက်လိုသူသည် မိမိကိုယ်ကို စစ်ကြောကာ မိမိမှာ ရှိသည့် မကောင်းသော အကျင့်စရိုက်များကိုပယ်ဖျောက်၍၊မရှိသေးသည့် ကောင်းသောအကျင့်များကို
 မွေးမြူဖြည့်တင်းရမည် ဖြစ်သည်။

အောင်မြင်လိုသူသည် အောင်မြင်မှုစိတ်ဓာတ် မွေးရသည်။ အောင်မြင်မှုရှေးရှုသည့် စကားမျိုး ပြောရသည်။ အောင်မြင်မည့် အလုပ်မျိုး လုပ်ရသည်။
'ကျွန်တော် မလုပ်တတ်ဘူး'၊ 'မဖြစ်ပါဘူး၊ ကျွန်တော်က တစ်ခါမှ မလုပ်ဖူးတာ'၊ 'အခြေအနေပေးရင် ဖြစ်မှာပေါ့၊ မပေးရင်တော့လဲ မတတ်နိုင်ဘူး၊' စသည့် အတွေးမျိုး အပြောမျိုးသည် အောက်ခြေမှာ နေမည့်သူတို့၏ အတွေး အပြောများ ဖြစ်၏။ ထိပ်တန်းရောက်မည့်သူများကား အလျှော့ပေးမည့် အတွေးမျိုး မမွေး။ 'ကျွန်တော်လုပ်တော့ မလုပ်ဖူးဘူး၊ ဒါပေမဲ့ စမ်းကြည့်တာပေါ့၊ ကြိုးစားကြည့်ရင် ဖြစ်မှာပေါ့'၊ 'ကျွန်တော် တတ်အောင်သင်မယ်၊ လေ့ကျင့်ဖို့ အချိန်နည်းနည်းရရင်လုပ်လို့ရမှာ သေချာပါတယ်' ဟူသော စကားမျိုး ပြောတတ်ကြသည်။

သူတို့သည် ရဲဝံ့ကြသည့်။ မိမိကိုယ်ကိုလည်း ယုံကြည်မှုရှိကြသည်။ ရဲဝံ့ယုံကြည်သူသည် အခက်အခဲကို
မကြောက်။ ဇွဲရှိသည်။ တစ်ကြိမ် မအောင်မြင်ရုံနှင့် နောက်မဆုတ်သော စိတ်ဓာတ် ရှိသည်။ သည်လူမျိုးသည် မလွဲမသွေအောင်မြင်ရမြဲ ဖြစ်သည်။

********

မေး။ ။ ဝါသနာရယ်၊ အလုပ်ရယ်၊ ဘဝအောင်မြင်မှုရယ်၊ ဘယ်လိုဆက်စပ်ပတ်သက်တယ် ဆိုတဲ့အကြောင်းနည်းနည်းလေး ပြောပြစေလိုပါတယ်။ 

ဖြေ။ ။ လူတစ်ယောက်ရဲ့ ဝါသနာနဲ့သူရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် ထပ်တူကျမကျဆိုတာနဲ့၊ သူ့ဘဝအောင်မြင်မှု ရှိမရှိ ဆိုတာကို ဆက်စပ်ကြည့်ချင်တဲ့သဘောလို့ ကျွန်တော်နားလည်တယ်။
အဲဒီတော့၊ ဝါသနာဆိုတာက လူတစ်ယောက် အလိုလို လုပ်ချင်နေတဲ့ အလုပ်ဗျာ။ ပိုက်ဆံရရ မရရ ငါတော့ဒါလေးလုပ်နေရရင် ပျော်တယ် ဆိုတဲ့အလုပ်မျိုး။ အဲဒီအလုပ်က ဝင်ငွေရမယ်၊ မိသားစု စားဝတ်နေရေး ပြေလည်မယ်ဆိုရင် ပျော်စရာကောင်းတာပေါ့။ ထမင်းတစ်လုတ်အတွက် ဝါသနာမပါတာကို လုပ်နေရမယ်ဆိုရင်တော့ အဲဒီအလုပ်ဟာ ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်။

ဝန်သိပ်မလေးဘူးဆိုတောင်ဆီဆုံလှည့်ရတဲ့ နွားရဲ့အလုပ်လိုပဲ ငြီးငွေ့စရာ ဖြစ်လာတယ်။
 ပျော်စရာမကောင်းဘူး။ ဆုံလည်နွားတစ်မျိုးနဲ့ သေသွားရမယ်ဆိုရင် အဲဒီလူရဲ့ ဘဝမှာ ငွေကြေး ဘယ်လောက်များများ စုဆောင်းမိခဲ့သည် ဆိုစေကာမူ အောင်မြင်တဲ့ဘဝလို့ ဆိုနိုင်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးရင့်လာတဲ့အချိန် ပြန်လှန်စဉ်းစားကြည့်လိုက်တဲ့အခါ သူ့ဘဝကို သူကိုယ်တိုင် ကျေနပ်နိုင်မှာ မဟုတ်တာ။ ကိုယ်တိုင် မကျေနပ်နိုင်တဲ့ ဘဝတစ်ခုကို
အောင်မြင်တဲ့ ဘဝလို့ ခေါ်နိုင်မယ် မထင်ဘူး။

Resource: ဖေမြင့် - (Genius)




0 comments: