Thursday, July 12, 2012 - 0 comments

မြင်းလား ..ငန်းလား..

စားကျက်မြက်ခင်းထဲမှာ မြင်းတစ်ကောင်နှင့် ငန်းတစ်ကောင် ဆုံမိကြသည်။ ငန်းက မြင်း၏အမူအရာကို သဘောမကျ။ မထီလေးစား အားမနားသည့် ပုံစံဟု မြင်သည်။ ထို့ကြောင့် ဘဲငန်းတို့ထုံးစံ စူးစူးဝါးဝါးအသံဖြင့် ဆိုသည်။

'ဟေ့ ဒီမှာ၊ ငါက မင်းထက် ပိုကြီးကျယ်ပြည့်စုံတဲ့ အကောင်ပါကွ။ မင်းခန္ဓာကိုယ်ကြီးနဲ့ မင်းလုပ်နိုင်တာတစ်မျိုးတည်း ရှိတယ်။ ငါက ဟောဒီမြေကြီးပေါ်မှာ မင်းတို့လို လမ်းလျှောက်ဆိုလဲ ကောင်းကောင်းကြီးလျှောက်နိုင်တယ်။ ပြီးတော့ငါ့မှာ ဟောဒီ
 တောင်ပံနှစ်ဖက်ပါတော့ လေထဲပျံချင်သပဆိုလဲပျံဝဲလို့ရတယ်။ ရေအိုင်ချောင်းမြောင်း တွေ့ရင်လဲ
 အသာဆင်း၊ ရေအေးအေးလေး စိမ်ပြီး ကူးခတ်ဆော့ကစားနိုင်တယ်။ ငါ့မှာ ကောင်းကင်က ငှက်၊ ရေထဲက ငါး၊ ကုန်းပေါ်က ဆင်၊မြင်း၊ကျွ၊ဲနွား၊ သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်းအားတွေ ရှိတယ်' သည်စကားကြားတော့ မြင်းက ရယ်သည်။


'ဟုတ်ပါ့ဗျား၊ ခင်ဗျားမှာ ကုန်း ရေ လေ သတ္တဝါသုံးမျိုးလုံးရဲ့ စွမ်းအားတွေ စုဝေးနေတာကိုး။ ဒါပေမဲ့ဘယ်စွမ်းအားမှ ပြည့်ပြည့်ဝဝ မရှိ၊ မစို့မပို့ချည်း ဖြစ်နေတာ ဆိုးတယ်ဗျာ။ ခင်ဗျား ပျံတယ် ဆိုတာ မနိုင်မနင်း လေးလေးလံလံကြီး။ မြေပေါ်က ခဏတစ်ဖြုတ် လွတ်တယ်ဆိုရုံ ဟိုနား သည်နားလေးလောက် ရောက်တာ။ အဲဒါနဲ့တင် ကိုယ့်ကိုယ်ကို ဇင်ယော်တို့၊ လင်းယုန်တို့လို ငှက်စာရင်းသွင်းလို့ ဖြစ်ပါ့မလား။ ရေမှာဆိုလဲ ငြိမ်သက်တဲ့ ကန်ရေပြင်လို ဟာမျိုးမှာ အပေါ်ယံလေး ရှပ်ပြီးရွေ့ရွေ့လေး သွားနိုင်တာ။ ငါးလို၊ ဖျံလို ကျင်လည်တာမဟုတ်ဘူး။ လှိုင်းတွေလေတွေနဲ့ဆိုရင် ခင်ဗျား ထွက်ပြေးမှာ မဟုတ်လား။ မြေကြီးပေါ်မှာ လမ်းလျှောက်တော့ရော... လူတွေပြောပြောနေကြတဲ့ဘဲသွား သွားတယ် ဆိုတာ ခင်ဗျား တစ်ခါမှ မကြားမိဘူးလား။ ခင်ဗျားလမ်းသွားပုံအချိုးမကျတာကို  ပြောကြတာ။ ခြေထောက် ပြားပြားကြီးကို
 မြှောက်လိုက်ချလိုက်နဲ့၊ တစ်လှမ်း လှမ်းလို့လဲ ဘယ်လောက်မှ မရောက်ဘူး။ အဲဒီထဲ လည်ပင်းကြီးကဟိုဆန့်ဒီဆန့်နဲ့ ဘေးလူတွေလှမ်းပြီးရန်ရှာချင်သေးတယ်။ တွေ့ရတဲ့လူတွေ
အားလုံး စိတ်ညစ်တယ်။

ကျူပ်က ခင်ဗျားပြောတဲ့အတိုင်း တစ်မျိုးတည်း စွမ်းတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်မျိုးဆို ဆိုသလောက်ပြတ်ပြတ်သားသား စွမ်းတယ်။ကျုပ်က မြေကြီးပေါ်မှာ အရှိန်အဟုန်နဲ့
 ပြေးလွှားဖို့ မွေးဖွားလာတဲ့ သတ္တဝါ။ ကျူပ်ရဲ့ တောင့်တင်းသန်မာတဲ့ကြွက်သားအစိုင်အခဲတွေနဲ့ အချိုးအစားကျနတဲ့ ခြေတံ လက်တံတွေကို ကြည့်လိုက်ရုံနဲ့ ဘယ်လောက်ပြေးအားကောင်းမယ့် သတ္တဝါဆိုတာ မြင်နိုင်တယ်။ ကျူပ်ကြွကြွရွရွလေး ခုန်ပေါက် ပြရုံနဲ့တင် ကျူပ်ကိုယ်ထဲမှာခွန်အားတွေ ဘယ်လောက်ကြီးကြီးမားမား ကိန်းအောင်းနေတယ်ဆိုတာ သိနိုင်တယ်။ ကျူပ်က တစ်မျိုးတည်း သမား။

ဒါပေမဲ့ အဲဒီတစ်မျိုးမှာတော့ ထူးထူးချွန်ချွန် ပေါက်ပေါက်မြောက်မြောက် ထိပ်ဆုံးရောက်တဲ့သူ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်သလို နပ်သလိုနဲ့ တကယ်တမ်းကျတော့ ဘယ်နယ်မှာမှ အသုံးမကျ အရာမဝင်တဲ့ ဘဲငန်းမျိုး မဟုတ်ဘူး' မြင်းက ဒေါနှင့် မောနှင့် ဆိုလေသည်။

မှန်သည်။ တချို့လူတွေသည်ဟိုစပ်စပ် သည်စပ်စပ် ဘာမဆိုနည်းနည်းစီတက်ကြသည်။ သို့သော်ဘယ်ကဏ္ဍတစ်ခုတွင်မျှ တကယ်တမ်း မကျွမ်းကျင်။ သည်လူတွေသည် အမှတ်မဲ့ကြည့်လျှင်လူ့အသိုင်းဝိုင်းထဲတွင် အရာဝင်သလိုဖြင့် စင်စစ် နေရာတကာ
 ရောယောင်နောက်လိုက်အဖြစ်နှင့် ဝင်ပါနေကြခြင်း သာဖြစ်သည်။ ဦးစီးဦးဆောင်ပြုနိုင်သူ၊ အောင်မြင်သူများကား မဟုတ်ကျ။

ထို့ကြောင့် ဘဲငန်းတစ်ကောင်လို မရေမရာ ဟိုမှာသည်မှာ ဝင်ပါရုံ ဘဝမျိုးကို မလိုလားလျှင် တစ်ခုခုမှာ ထူးထူးချွန်ချွန်ဖြစ်အောင် ကြိုးစားဖို့ လိုလိမ့်မည်။


Resource: ဖေမြင့် - (Genius)

0 comments: