Monday, November 21, 2011 - , 0 comments

သန်းကြွယ်သူဌေးတွေ ဘယ်လို လုပ်ခဲ့ကြသလဲ

သန်းကြွယ်သူဌေး ဆိုသည်မှာ အရပ်မြင့်မြင့်၊ ဝဝဖိုင့်ဖိုင့်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသော ဘဏ်လုပ်ငန်းရှင် ပုံစံမျိုး၊  ဥပဓိရုပ် ခံညားပြီး ကမ္ဘာ့နိုင်ငံ တော်တော်များများကို လေယာဉ်ပျံဖြင့် အိမ်ဦးကြမ်းပြင် သွားလာနေတတ်သူ၊ အကောင်းဆုံး၊ မော်ဒယ်အမြင့်ဆုံး ကားများကို ပိုင်ဆိုင်သူ ဆောက်လုပ်ရေး လုပ်ငန်း သန်းကြွယ်သူဌေးကြီး ဒွန်နယ်ထရန့်လို လူစားမျိုးအဖြစ် တွေးမြင် ထင်မှတ်ကောင်း ထင်မှတ်နေကြပေမည်။ သို့သော် လက်တွေ့ဘဝတွင်ကား သည်လိုမဟုတ်ပါ။ ယနေ့ ခေတ်ကာလ သန်းကြွယ် သူဌေးကြီး များသည် အလယ် အလတ်တန်းစား ရပ်ကွက်များ၌သာ နေထိုင်ပြီး အချိန်ပြည့် အလုပ်လုပ်နေသူများ ဖြစ်သည်။ ဈေးဝယ်ရာတွင်လည်း အများသူငါလိုပင် လျှော့ဈေးဖြင့် ရောင်းသော ဆိုင်များတွင်သာ ဝယ်လေ့ ရှိကြသည်။ တကယ်တော့ သူတို့သည် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို အလေးမတင်းလှချေ။ ငွေကြေး ပြည့်စုံမှုကြောင့် ရရှိလာမည့် အခွင့်အရေးကိုသာ မက်မော တွယ်တာကြသူများ ဖြစ်သည်။


“လူချမ်းသာတွေ အနေနဲ့ ဥစ္စာပစ္စည်း တိုးပွားဖို့က သိပ်အရေးမပါတော့ဘူး။ လုပ်ချင်ရာကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ဖို့က အရေးကြီးတယ်” ဟု သန်းကြွယ်သူဌေးတို့၏ လျှို့ဝှက်သော သဘောထားများ စာအုပ်ရေးသားခဲ့သူ စာရေးဆရာ ကီဟတ်ဗ်အက်ကာက ဆိုသည်။ ယနေ့ခေတ်ကာလတွင် သန်းကြွယ်သူဌေး အများစုမှာ ယခင်ကထက်ပို၍ ဟန်ကျပန်ကျ ဇိမ်ခံနိုင်ကြပြီး ယခင်က သန်းကြွယ်သူဌေး ဦးရေထက်လည်း နှစ်ဆမျှ တိုးလာပြီ ဖြစ်သည်။ သိန်းတစ်ထောင်လောက် ချမ်းသာ ကြွယ်ဝရုံမျှဖြင့် Forbes 400 ၏ အချမ်းသာဆုံး အမေရိကန်များ စာရင်းတွင် မပါဝင်နိုင်တော့ပါ။ ထိုသို့ စာရင်းဝင်ဖို့ ဆိုလျှင် အနည်းဆုံး ဒေါ်လာ ၁ ဒသမ ၃ ကုဋေမျှ ချမ်းသာမှ ဖြစ်တော့မည်။ ဤမျှ ချမ်းသာကြွယ်ဝသူတွေ များပြားနေသော ခေတ်ကာလကြီးတွင် ငါတို့တော့ ဘာလို့ မချမ်းသာရတာပါလိမ့်ဟု တွေးတောစရာ ဖြစ်နေသည်။ အနည်းဆုံး ဒေါ်လာငွေ သိန်းတစ်ရာမျှလောက်ဖြင့် ရင်းနှီး၍ ချမ်းသာ ကြွယ်ဝလာသူ ငါးဦး၏ လျှို့ဝှက်ချက်ကို လေ့လာ ကြည့်သင့်ပါသည်။

(၁) အကြီးကြီး ယုံကြည်ပါ

ကြီးကြီးကျယ်ကျယ် ဖြစ်လိုလျှင် ကြီးကြီးကျယ်ကျယ် ကြံဆရပါမည်။ ကြီးကြီးကျယ်ကျယ် ယုံကြည်ရပါမည်။ အသက် ၄၉ နှစ်အရွယ်တွင် သန်းကြွယ်သူဌေး ဖြစ်လာသော ဂျက်ဖ်ဟယ်ရစ်သည် သန်းကြွယ်သူဌေး ဖြစ်လိုသည့် စိတ်ကူးကို ဆယ့်ကိုးနှစ်သားလောက် ကတည်းက စိတ်ကူးခဲ့သည်။ သို့သော်လည်း ကျောင်းပြီးသည်နှင့် ဇနီးနှင့် သားသမီး သုံးယောက်အတွက် ဘဝရှင်သန် ရပ်တည်နိုင်ရန် အသည်းအသန် ကြိုးစား ရုန်းကန်ခဲ့ရသည်။ ကုန်စုံဆိုင် စာရေးလည်း လုပ်ခဲ့ရသည်။ သံရည်ကျို အလုပ်သမားလည်း ဖြစ်ခဲ့ရသည်။ သူ၏ အဝတ်အစားများကိုပင် ဒိုဘီ မအပ်နိုင်၍ ကိုယ်တိုင်လျှော်ရသည်။ ဤသို့ နိမ့်ကျခဲ့ရသော ဂျက်ဖ်၏ဘဝကို အမြင့်ဆုံးသို့ ရောက်အောင် တိုးဖောက်အောင်မြင် စေခဲ့သည့် အရင်းခံ အကြောင်းတစ်ရပ်မှာ သူသည် သူ့ကိုယ်သူ ဧကန်မုချ ချမ်းသာကြွယ်ဝမည့်သူ ဖြစ်ကြောင်း အစကတည်းက ခံယူ ထားသောကြောင့် ဖြစ်သည်။ “ကြီးပွား ချမ်းသာရေးရဲ့အကြီးမားဆုံး အဟန့်အတားကတော့ ကြောက်စိတ်ပဲ။ လူတွေဟာ ကြီးကြီးကျယ်ကျယ် တွေးဖို့ ကြောက်ကြတယ်။ ဒါပေမဲ့ သေးသေးလေးလေးပဲ တွေးကြတော့ သေးသေးလေးပဲ ဖြစ်လာကြတာပေါ့” ဟု အက်ကာက ဆိုသည်။

သူသည် ကုန်စုံဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ရလျှင် ရသလို ငွေကြေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာအုပ်များကို စတင် ဖတ်လာခဲ့သည်။ နောက်တော့ တစ်လလျှင် ၂၅ ဒေါ်လာ စတင် စုဆောင်းတော့သည်။ သူ့ကို သူဌေး ဖြစ်စေသည်မှာ ခရစ္စမတ်ပွဲ တစ်ခုတွင် စတော့ပွဲစား တစ်ဦးနှင့် တွေ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အကြံပြုမှုဖြင့် စာဖတ်လေ့လာရာမှ ရင်းနှီးမြှုပ်နှံမှု၏ အကျိုးကျေးဇူးကို သိရှိလာခဲ့သည်။ နောက်တော့ သူသည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သင်တန်း ပို့ချခဲ့သည်။ သူ့တပည့်တွေက သူ၏ လုပ်ငန်းတွင် ပထမဦးဆုံး ရင်းနှီးမြှုပ်နှံ လာကြသည်။ “အသည်းအသန် ရုန်းကန်ခဲ့ရတာပါ။ ဒါတွေကို ကျော်လွန်ပြီး အောင်မြင်မှု ရရှိစေခဲ့တာကတော့ အောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်ခဲ့တဲ့ စိတ်ကြောင့်ပါ” ဟု ဂျက်ဖ်ကဆိုသည်။

(၂) လေ့လာသင်ယူပါ

စတီဗ်မက်ဝဲလ်သည် အင်ဂျင်နီယာဘွဲ့ရ ကျောင်းဆင်းတစ်ဦး ဖြစ်၍ အဆင့်မြင့် နည်းပညာဆိုင်ရာ လုပ်ငန်းတစ်ခု ရရှိခဲ့သည်။ သို့သော် သူသည် ငွေစာရင်း စာအုပ်တွင် ငွေစာရင်း သွင်းရန်ပင် အခက်တွေ့နေခဲ့သည်။ သူသည် တက္ကသိုလ်တွင် ဘဏ္ဍာရေး သင်တန်းတစ်ခု တက်ခဲ့သော်လည်း နှင်းလျှောစီး ခရီးထွက်ချင်သောကြောင့် တစ်ပိုင်းတစ်စဖြင့် ရပ်ခဲ့ရသည်။ နောက်မှ ဘဏ်သို့သွား၍ ငွေစာရင်းရှင်းတမ်း ဖတ်နည်း သင်ယူခဲ့ရသည်။ ငွေကြေးရှာဖွေ စုဆောင်းရာတွင် အကြီးမားဆုံး အဟန့်အတားမှာ ငွေကြေးအကြောင်း နားမလည်ခြင်း ဖြစ်သည်။ လူထောင်ပေါင်းများစွာတို့ အနေဖြင့် ငွေအကြောင်း နားမလည်သဖြင့် ရင်းနှီးမြှုပ်နှံမှုကို မလုပ်ဘဲ နေခဲ့ကြသည်။ တကယ်တော့ ငွေလိုချင်သူအဖို့ ငွေအကြောင်း နားလည်ရမည် မဟုတ်ပါလား။ သို့ဖြင့် မက်ဝဲလ်သည် ငွေကြေး မြှုပ်နှံမှုဆိုင်ရာ မဂ္ဂဇင်းတွေ၊ စာအုပ်စာစောင်တွေကို အငမ်းမရ ရှာဖွေဖတ်ရှုခဲ့သည်။ နားလည် တတ်ကျွမ်းသည့် ပါရဂူများထံ ချဉ်းကပ်၍ လေ့လာ သင်ယူခဲ့သည်။ ဤသို့ဖြင့် သူတို့ ဇနီးမောင်နှံသည် ငွေကို ခြိုးခြံချွေတာစွာ နေထိုင်ခဲ့သည်။

စိတ်အလိုလိုက်၍ ဝယ်ယူခြင်း မပြုဘဲ စေ့စပ် သေချာလာသည်။ အိမ်ကောင်း၊ ကားကောင်း ဝယ်ယူနိုင်သည့်တိုင် လက်ရှိ အိမ်ဟောင်းမှာပင် နေထိုင်ခဲ့သည်။ ထိုမျှမက တစ်နှစ်တာ၏ လစာ ၂၀ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမှု ပြုခဲ့ကြသည်။ ဆယ်နှစ်တာ ကာလမှာပင် သူတို့သည် သန်းကြွယ်သူဌေးများ ဖြစ်လာကြပြီး ဝေါလ်မတ် ကော်ပိုရေးရှင်းကဲ့သို့ ဝန်ထမ်းများအတွက် ငွေကြေးစုဆောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်သည့် ကုမ္ပဏီတစ်ခု၏ ဖက်စပ်ပိုင်ရှင် ဖြစ်လာခဲ့သည်။ သူကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ရင်း တိုက်ခန်း၊ အိမ်ရာများ၊ ဈေးဆိုင်တန်း တစ်ခုနှင့် ကျောက်တွင်းတစ်တွင်း အပါအဝင် ဒေါ်လာသန်း ၃၀ တန် အိမ်ရာများကို ပိုင်ဆိုင်လာခဲ့သည်။ “ကျွန်တော့်လို အင်ဂျင်နီယာတစ်ယောက် အနေနဲ့ ဒီလိုဘဝမျိုး ရောက်ရှိဖို့ မမျှော်မှန်းခဲ့ပါဘူး။ တကယ်တော့ ဒါတွေအားလုံး ကိုယ့်ဘာသာကိုယ် နည်းနည်းချင်း လေ့လာ သင်ယူရုံနဲ့ တတ်နိုင်တဲ့ အရာတွေပါ။ အခြေခံ သဘောကို နားလည်သွားရင် ဘာမဆို လုပ်နိုင်ပါတယ်” ဟု စတိဗ်က ပြောပြခဲ့သည်။

Source: http://www.teashoptalk.com/article/view/id/3238

0 comments: