Monday, March 16, 2009 - 0 comments

နှေးကွေးပါစေ

အရှုံးနဲ့ ရင်ဆိုင်ခဲ့သူကို သူ့နောက်ကျောကြည့်ရုံနဲ့တင် သိနိုင်သလို
အောင်မြင်တဲ့သူကို သူ့ခြေသံ နားထောင်ရုံနဲ့တင် သိနိုင်သတဲ့။
အောင်မြင်ချိန်မှာ ထောင်လွှားမောက်မာတဲ့ စကားမပြောပါနဲ့၊
ရှုံးနိမ့်ချိန်မှာ ဒေါသမာန်ထတဲ့ စကားမပြောပါနဲ့။

ဆရာတစ်ဦးက နည်းပညာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်သလို ကွန်ပြူတာကိုလည်း
မသုံးတတ်ခဲ့ဘူး။ ဆရာ အသက်(၅ဝ)ရောက်တော့ သူသင်တဲ့ကျောင်းမှာ
ကွန်ပြူတာတပ်ဆင်ပြီး ကျောင်းသားတွေရဲ့ ရမှတ်၊ ကိုယ်ရေးရာဇဝင်တွေကို
ကွန်ပြူတာထဲ ရိုက်ထည့်ပြီး ဖိုင်သိမ်းထားရမယ့် စနစ်ကို စခဲ့တယ်။

အသက်ကြီးပြီး ကွန်ပြူတာကို နကန်းတစ်လုံးမှ နားမလည်တဲ့ ဆရာက ဒီကိစ္စအတွက်
စိတ်ဖိစီးမှုတွေ ရခဲ့တယ်။ ကျောင်းသားတွေကိုလည်း သူဟာ ကွန်ပြူတာနဲ့
မအပ်စပ်သူလို့ ပြောခဲ့တယ်။ ဆရာ့အဖြစ်ကို နားလည်တဲ့ ကျောင်းသားတွေက
ကွန်ပြူတာ ကျွမ်းကျင်သူတွေကို ရှာပြီး ဆရာကိုကူညီဖို့ ပြောခဲ့တယ်။


ညနေကျောင်းဆင်းတော့ ဆရာ့ရုံးခန်းထဲ ကျောင်းသူတစ်ယောက် မဝံ့မရဲနဲ့
ရောက်လာခဲ့ပြီး ဆရာ့ကို စာကူရိုက်ပေးမယ့်အကြောင်း ပြောခဲ့တယ်။

"သမီး စာကောင်းကောင်း ရိုက်တတ်သလား?" ဆရာက မေးတော့

"သမီး ကွန်ပြူတာ မကျွမ်းဘူးဆရာ၊ စာရိုက်ရင်လည်း နှေးလို့
တစ်ခြားကျောင်းသားတွေ လှောင်တာကို အမြဲခံရတယ်" ကျောင်းသူက
မျက်နှာနီလေးနဲ့ ဆိုပါတယ်။ ဆက်ပြီး "သမီးတို့အိမ်က ဆင်းရဲတယ်ဆရာ၊
ကွန်ပြူတာ မဝယ်နိုင်ဘူး။ တကယ်လို့ အဆင်ပြေမယ်ဆိုရင် ဆရာကို
သမီးကူညီချင်ပါတယ်။ အချိန်တော့ နည်းနည်းပေးရလိမ့်မယ် ဆရာ။ ဒါပေမယ့်
ဒါဟာကျွန်မအတွက် စာရိုက်လေ့ကျင့်ဖို့ အကောင်းဆုံး အခွင့်အရေးလို့
ထင်ပါတယ်"

ကျောင်းသူစကားကြောင့် ဆရာ ခဏလောက် တွေဝေသွားခဲ့တယ်။ ကွန်ပြူတာ
တတ်ကျွမ်းသူ မဟုတ်ဘဲ ကွန်ပြူတာ ငတုံးတစ်ယောက် သူ့ရှေ့ရောက်လာခဲ့တယ်။
ငြင်းလိုက်ရင် ကောင်းမလား? ကျောင်းသူရဲ့ မျက်လုံးထဲမှာ
မျှော်လင့်ချက်ဆန္ဒနဲ့ တက်ကြွတဲ့ အရိပ်တစ်ချို့ကို ဆရာတွေ့လိုက်ရတယ်။
၃စက္ကန့်လောက် ဆရာစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်တယ်။

ဒုတိယနေ့က စပြီး ဒီကွန်ပြူတာ ငတုံးမလေးက ကျောင်းဆင်းတာနဲ့ ဆရာ့ရုံးခန်းဆီ
ရောက်လာခဲ့ပြီး ကွန်ပြူတာထဲ စာတွေကို ဂရုတစိုက်ရိုက်ထည့်ခဲ့တယ်။
လက်ကွက်ရိုက်ချက်တွေ နှေးလွန်းပေမယ့် သူ့စိတ်ဓာတ်တွေက တက်ကြွနေတယ်။
အပျော်တစ်ချို့ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေခဲ့တယ်။

ကွန်ပြူတာကို ဆရာနားမလည်ပါဘူး။ ဒါပေမယ့် ဒီကျောင်းသူလေးရဲ့ စာရိုက်နှုန်းက
တစ်ခြားလူတွေထက် ၃ဆလောက် အချိန်ပေးရမယ်ဆိုတာကိုတော့ ဆရာကြည့်တာနဲ့
သိနေခဲ့တယ်။ ၃ရက်မြောက်တဲ့နေ့မှာ ဝမ်းသာပျော်ရွှင်တဲ့ ကျောင်းသူရဲ့အသံကို
ဆရာကြားခဲ့ရတယ်။ "ဆရာ.. ဆရာ.. အားလုံးပြီးပြီ" ပလင့်ထုတ်ထားတဲ့
စာရွက်တစ်ရွက်ကို တရိုတသေနဲ့ ဆရာကို ကမ်းပေးနေခဲ့တယ်။

ကျောင်းသူရဲ့ "ရှေ့ဆောင်ရဲတဲ့ သတ္တိ၊ အလေးအနက်ထားတဲ့" အင်အားတွေက ဆရာ့ကို
ကိုင်လှုပ်နိုင်ခဲ့တယ်။ အခုခေတ်မှာ ဒီလိုကျောင်းသားတွေ နည်းသထက်
နည်းခဲ့ပါပြီ။ ကွန်ပြူတာ တတ်ကျွမ်းတဲ့ ကျောင်းသားတွေက ထက်မြက်တယ်၊
ကျွမ်းကျင်တယ်ဆိုပေမယ့် ဆရာ့အတွက် အချိန်မပေးနိုင်ခဲ့ကြဘူး။ အချိန်ကို
ငွေနဲ့ပဲ အဖိုးဖြတ်တတ်ခဲ့ကြတယ်။ အလုပ်များရင်လည်း မကြိုက်တတ်ကြပြန်ဘူး။

ဆိုရိုးစကားတစ်ခုမှာ "ပျော်ရွှင်တဲ့လူက သူ့မှာ ပိုင်ဆိုင်မှုတွေများလို့
ပျော်ရွှင်တာ မဟုတ်ပါဘူး၊ လိုချင်တပ်မက်မှုတွေ နည်းလို့ ပျော်ရွှင်တာပါ"
တဲ့။

ဒါဗင်ချီက "တကယ်လို့ ဒီနေ့မှာ ကျွန်တော်ကြိုးစားပြီး သင်ယူမယ်၊
ပျော်ပျော်ရွှင်ရွှင် ရှင်သန်မယ်ဆိုရင် ဒီညမှာ ကျွန်တော်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်။ တကယ်လို့ ကျွန်တော့်တစ်သက်လုံးမှာ
ကျွန်တော်ကြိုးစားပြီး သင်ယူမယ်၊ ပျော်ပျော်ရွှင်ရွှင် ရှင်သန်မယ်ဆိုရင်
ကျွန်တော့်ဘဝတစ်လျှောက်လုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မယ်"
လို့ ပြောခဲ့တယ်။

မှန်ပါတယ်... "ငါ တုံးတာ၊ အတာ ကိစ္စမရှိဘူး၊ တစ်ခြားလူထက် ငါ နှေးကွေးချင်
နှေးကွေးမယ် ဒါပေမယ့် ဖြတ်လမ်းမလိုက်ဘူး၊ သင်ယူဖို့ ငါမကြောက်ရွံ့ဘူး"
ဆိုပြီး "နေ့တစ်နေ့တိုင်းကို အကျိုးရှိရှိ" ကျွန်မတို့
ကျော်ဖြတ်ကြမယ်ဆိုရင် ဘဝဟာ နေပျော်ပါတယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments: