Friday, May 3, 2013 - 0 comments

သူ့ထောင်ချောက်ထဲတွင် ပျော်ပျော်ကြီး တိုးကာတိုးကာဝင်


စီးလာသော မော်တော်ကားသည် အရောင်း စင်တာအကြီးကြီးရှေ့တွင် လမ်းပိတ်သဖြင့် တုံ့ဆိုင်း တုံ့ဆိုင်းသာ သွားနိုင်ကြသည်။ ဘီးတစ်ဘီး ရွေ့လိုက်၊ ခဏရပ်လိုက်ပါပဲ။ မှောင်ရီသန်းပြီမို့ ကားပေါ် ကနေ လည်ပင်းရှည်လုအောင် မော့ကြည့်လျှင် မြင်ရသော ရုပ်မြင်သံကြား ကြော်ငြာဘုတ်ကြီးဆီသို့ မျက်စိက အလိုလိုရောက်သည်။ အိုကောင်မလေးက ချောလိုက်တာ။ ကျွန်မလည်း အဲလောက်ချောဖို့ မဖြစ် နိုင်ဘူးလား။ ကြည့်ပါဦး။ သိပ်ချောတာပဲ။ လွန်ခဲ့တဲ့ တစ်စက္ကန့်လောက်က ဒီလောက်မလှပါဘူး။ အသား ခပ်ညိုညိုကလေးပဲ။ ခုတော့ သူကိုင်ထားတဲ့ မိတ်ကပ် ဘူးလေးထဲက ကရင်မ်ဖြူဖြူလေးကို အသားပေါ် တင်လိုက်တာနဲ့ ကြည့်စမ်း ချက်ချင်းပြောင်းသွား လိုက်တာ ... ဝင်းလဲ့နေတာပဲ။ မျက်နှာအရေပြားပေါ်ကို ကရင်မ်ကဖောက်ထွင်း သွားတာများ ကိုယ့်မျက်နှာပေါ် အခုလိမ်းလိုက်ရင်ပဲ အဲသလို တကယ်ဖြစ်လာတော့ မလား။ မျက်နှာဖြူဖြူလေးရယ် ကိုယ်ပေါ်မှာ လွင့်မြူးနေတဲ့ ဂါဝန်ပန်းရောင်ပြေပြေလေးရယ် ...
နုဖတ်နေတဲ့ ကောင်မလေးရယ် ...

ဒီလိုကြော်ငြာမျိုးကို ဆက်တိုက်ဆက်တိုက်သာ ကြည့်ရလျှင် တော်ရုံတန်ရုံ မိန်းကလေးများ အားငယ်စိတ်သော် လည်းကောင်း အားကျစိတ်သော် လည်းကောင်း ပေါက်သွားမှာ သေချာပါသည်။ ကြော်ငြာများသည် လူကို တော်တော်လှုပ်နိုင်ကြသည်။ ပီနန်စားသုံးသူ အသင်းကြီးက ကြော်ငြာများက ဤသို့ ဖြစ်စေတတ်သည် ဟုဆိုသည်။

စားသုံးသူတို့ကို -
(၁) တစ်ရံမလပ်ဝယ်ပါ ဝယ်ပါဟု တောင်းဆို နေကြသည်။
(၂) ကြော်ငြာများကြောင့် ခြောက်လခန့် အသက် ငယ်သော ကလေးသည်ပင်လျှင် လိုဂိုတံဆိပ်နှင့် ကုန်ပစ္စည်း အမှတ်အသားများကို စတင်သိရှိနေပြီး အသက်သုံးနှစ် ခန့်တွင် ကုန်ပစ္စည်း အမှတ်တံဆိပ် သုံးရာလောက်ကို မှတ်သားနေပြီး ဖြစ်သည်။
(၃) ကျောင်းနေရွယ် ဆယ်ကျော်သက် ကလေးများနှင့် လူငယ်များသည် ကြော်ငြာကြောင့် အမှိုက်စာ Junk Food များ၊ အမြန်စာ Fast Food များနှင့် အချိုရည်အပေါစားများကို ဝယ်မစားသည့်နေ့ မရှိ သလောက်ဖြစ်နေကြပြီ။
(၄) ကြော်ငြာများသည် ကိုယ်ခန္ဓာ မသွယ်လျလျှင်၊ အသားမဖြူဝင်းလျှင် မိတ်ကပ်မသုံးလျှင် လူရာ မဝင်တော့သည့် အလား မိန်းမပျိုကလေးများကို အတင်း ဆွဲဆောင်ကြသည်။
(၅) ကြော်ငြာများက ယောက်ျားကြီးများကို ပိုက်ဆံသုံးနိုင်သူ၊ အကောင်းကြိုက်သူ၊ လက်ငင်းချက်ချင်း ဝယ်ယူသူများအဖြစ် ပုံဖော်ခြင်း၏ နောက်ဆက်တွဲမှာ ငွေသုံးကြမ်းသော ယောက်ျားများ အရေအတွက် များလာခြင်းဖြစ်သည်။



ဤသို့ကြော်ငြာတွေ များများကြီး သုံးထားသော ကုန်ပစ္စည်းများကို တင်သွင်း ရောင်းချကြသော အရောင်းစင်တာ (Mall) ကြီးများလည်း နိုင်ငံတကာ တွင် များသထက် များလာကြသည်။ တစ်ခါသော် နိုင်ငံတကာကို သွားလာနေကြသော ကျွန်မမိတ်ဆွေ အမျိုးသမီးကြီးများက ပြောဖူးသည်။ ကလေးတွေ (ကျွန်မတို့ မျိုးဆက်တွေ) ကို သနားသည်တဲ့။ ဘာ့ကြောင့်လဲဆို သူတို့မျိုးဆက်တုန်းက နိုင်ငံတကာကို သွားလာနေတဲ့အခါ ဈေးရောင်းဈေးဝယ် ယဉ်ကျေးမှု သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွာခြားသည် ဆိုသည်။ တစ်နေရာသွားလျှင် ထူးခြားမှု တစ်မျိုးကို မြင်နိုင်သည် ဟုဆိုသည်။ သူ့ယဉ်ကျေးမှုနှင့်သူ ဖြစ်တည်နေသော ဈေးတန်းများ၊ အရောင်းခင်းကျင်းပုံမှာ ကုန်စည်များ ကွဲပြားခြားနားမှုကို ပို၍မြင်နိုင် ခဲ့ကြသည်တဲ့။ ညည်းတို့ ခေတ်မှာတော့အေ ... ဘယ်သွားသွား ဒါချည်းတွေ့ရ တော့တာပဲတဲ့။ သူပြောတာကို စောဒက မတက်မိပါ။ မှန်လည်း မှန်နေသည်။ သူပြောသလို ကိုယ့်ကိုကိုယ်သာ သနားမိသေးသည်။ ရှော့ပင်းမော (အရောင်းစင်တာကြီး) များသည် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အထဲဝင်လိုက်လျှင် ထူးမခြားနားသာ ဖြစ်သည်။ ဥရောပမှာလည်း ဒီတံဆိပ်၊ အမေရိကားလည်း ဒီတံဆိပ်၊ အာရှ ရောက်တော့လည်း ဒီတံဆိပ်တွေပဲ ဖြစ်ဖြစ် နေတတ်သည်။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေး။ ထိုအရောင်း စင်တာကြီးများမှာ ပုံစံတွေသာ တူသည်မဟုတ်သေး။ ဆွဲဆောင်နိုင်ပုံ တွေကလည်း တူသေးသည်။ တူဆို မတူတူအောင် တုကြပေတာကိုး။ လူ့စိတ်ကို ဈေးဝယ် ပြီးရင်း ဝယ်ချင်လာအောင် ဘယ်လို လှည့်စားနိုင်မလဲ ဆိုတာကို အနောက်နိုင်ငံကြီးများမှ အရောင်းစင်တာ ကြီးတွေအတွက် အရောင်းမြှင့်တင်ရေး ကျွမ်းကျင်သူ များက သုတေသနပြုသည်။ ကျန်သည့် နိုင်ငံတွေက အတုယူကြသည်။ ထိုအခါ ကမ္ဘာကြီးတွင် ဈေးဝယ်သူ တွေ၊ ဈေးရောင်းသူတွေ များလာသည်။ ဈေးဝယ်တာ ဈေးရောင်းတာက လွဲ၍ တခြားဘာမှ သိပ်လုပ်စရာ မရှိသော မြို့ကြီးတွေ များသထက် များလာသည်။ ကမ္ဘာကြီးက နောက်ဆုံးထုတ်နိုင်သမျှ သယံဇာတ တွေသာ ကုန်သွားမည်။ လူတွေရဲ့ လိုအင်တွေမကုန်စေရ။

သုံးလို့မလောက်တာ လောက်တာအပထား လောလော ဆယ်များများ ထုတ်နိုင်ရောင်းနိုင်ဖို့က အရေးကြီးသည်။စီးပွားရေးတိုးတက်ခြင်း Growth ကို မောင်းတင်သူ တွေမှာ များများထုတ် များများရောင်းဖို့ကို တိုက်တွန်း သောအခါ ကြော်ငြာကုမ္ပဏီကြီး များကလည်း Marketing ပညာ များများ တတ်လာကြ လေသည်။

ထိုပညာများအနက် လက်ငင်းမြင်နိုင်သော အချက်အချို့ကို ကြည့်ပါ။နောက်တစ်ခါ အရောင်း စင်တာကြီးများကို သွားလျှင် ဤအချက်များ မှန် မမှန် ကြည့်ဖြစ်အောင် ကြည့်ပါလေ။ အရောင်းစင်တာ ကြီးများတွင် လိုအပ်သည်ထက်ပို၍ ပို၍ ပိုက်ဆံသုံးချင် လာအောင်၊ ကြာကြာနေနိုင်အောင် အောက်ပါတို့ကို ပြုလုပ်ထားသည်။

၁။ ကြမ်းခင်း

အရောင်းစင်တာကြီးများသည် သာမန်ဈေးဆိုင် ခန်းများနှင့် မတူသော ကြမ်းခင်းရှိသည်။ အေးစက် ချောမွတ်နေသော ကျောက်ပြားများ၊ လှပသော ပါကေး ကြမ်းခင်းများဖြင့် အလှဆင်လေ့ရှိရာ လျှောက်ဝင်လာရ သူမှာ ခြေလှမ်းလှမ်းရန် အဆင်ပြေလျက် မမောမပန်း၊ မထစ်မငေါ့ လျှောက်နိုင်ပေသည်။ ထိုကြမ်းခင်းများသည် စင်တာမျက်နှာကျက်နှင့် ဈေးဆိုင်ခန်းများမှ မီးရောင်ကို အလင်းပြန်ကာ လမ်းလျှောက်သူ၏ အရိပ်များ ရှုပ်ရှုက်ခပ်အောင် အရာထင်နေတတ်သော ကျောက်ပြားမျိုး သုံးလေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် သုတေသန များအရ အိမ်ရှင်မတို့သည် မိမိအိမ်၏ ကြမ်းပြင်ထက် တောက်ပြောင်နေသော ကြမ်းခင်းများတွင် လမ်းပို လျှောက်တတ်သောကြောင့် ဖြစ်သည်။

၂။ မျက်စိလည်စေသော လှေကားအတက်အဆင်း အပြင်အဆင်

ကနေ့အဖို့ လမ်းများများ လျှောက်ချင်ပါသလား။ အရောင်းစင်တာထဲသို့သာ ဝင်သွားလိုက်ပါ။ ပထမထပ် မှ ဒုတိယထပ်သို့ သွားရာလမ်းတွင် သင်မျက်စိ ကြိမ်ဖန်များစွာ လည်သွားနိုင်သည်။ လည်အောင်လည်း တမင်လုပ်ထားခြင်းဖြစ်သည်။ လမ်းပျောက်လေ ဈေးဝယ်သူမှာ စင်တာထဲတွင် အချိန်ကြာလေ၊ ပစ္စည်း များများ ကြည့်ဖြစ်လေ၊ ကြိမ်ရေများများ အိပ်ကပ်ထဲ လက်နှိုက်မိလေဖြစ်မည်။ ကမ္ဘာပေါ်တွင် ယခင်ကအကြီး ဆုံးဟု နာမည်ကျော်ခဲ့သော Mall of American အရောင်းစင်တာခွဲ ဖွင့်ပွဲတစ်ခုတွင် ထိုစင်တာ၏ ဒီဇိုင်နာ Tim Magill က “ဈေးဝယ်သူများ ခင်ဗျား။ ခင်ဗျားတို့ကို ကျွန်တော်တကယ်ပဲ ဟောဒီမှာ မျက်စိလည်သွားစေချင် ပါတယ်” ဟု ပြောဆိုခဲ့သည်။ ဖြစ်တတ်သည့်အကျိုးဆက် တစ်ခုကမူ မိဘနှင့်တကွဲစီဖြစ်သွားသော ကလေးများကို ပြန်ရှာရန် ခက်ခဲခြင်းပင်ဖြစ်ပြီး မကြာခဏဆိုသလို လုံခြုံရေး ဝန်ထမ်းများက မိုက်ခွက်ကိုင်ကာ မိဘများကို အော်ခေါ်ရလေ့ရှိသည်။

၃။ အရောင်းစင်တာထဲတွင် အပူချိန်မပြောင်း၊
အလင်းရောင် အတက်အကျမပြောင်း

အရောင်းစင်တာကြီး များသည် အပူချိန်ကို တစ်သမတ်တည်း ထားလေ့ရှိသည်။ ဥရောပလို အေးသော ရာသီဥတုတွင် အနွေးစက်များဖြင့် နွေးနေအောင်ထားပြီး အရှေ့တောင်အာရှလို ပူအိုက်သောနေရာတွင် တစ်နေကုန် လေအေးစက်ဖြင့် ဧည့်ခံသည်။ အပူချိန် မပြောင်းသဖြင့် လမ်းများများလျှောက်လည်း တိုး၍ ချွေးမထွက်လာသောအခါ ဈေးများများ ဝယ်ဖြစ်ပါ သည်။ နေ့ည သဘာဝအလင်းရောင် အတက်အကျမှ ကင်းဝေးအောင် လုပ်ထားသောအခါ နေ့ဖြစ်မှန်းမသိ ညဖြစ်မှန်းမသိ ဈေးတစ်ဝယ်ထဲ ဝယ်ရင်း အချိန်ကုန်မှန်း မသိအောင် ပြုထား၏။

၎။ အတွင်းကို ခမ်းနားအောင် တမင်တကာမပြင်ဆင်

အရောင်းစင်တာတို့ မည်သည် အပြင်မှကြည့်လျှင် ဗိသုကာ အသစ်အဆန်းများဖြင့် ကြွားကြွားဝါဝါ တွေ့ရ တတ်သော်လည်း အတွင်းပိုင်း အပြင်အဆင်ကိုမူ စိတ်ဝင်စားစရာ မကောင်းအောင် တမင်ဒီဇိုင်းဖော် ထားသည်။ အဘယ်ကြောင့်ဆိုသော် အတွင်းဆေးရောင်များ၊ အပြင်အဆင်များကို မှိန်ဖျော့ထားမှ သာလျှင် မီးရောင်ခြယ်ထားသော အလှဆင်ထားသော ဆိုင်များ နှင့် ကုန်ပစ္စည်းများမှာ ကြွရွလာမည်။ မျက်စိပသာဒ ဆောင်လျက် အဖမ်းစားကြီး ဖမ်းစားနိုင်မည် ဖြစ်သည်။

၅။ လူပုံပလပ်စတစ် ရုပ်ကြွများဖြင့် ဆွဲဆောင်ခြင်း

အရောင်းစင်တာကို ဆင်ယင်သော ဒီဇိုင်းဆရာ တို့သည် အများကပို၍ အာရုံစိုက်စေချင်သည့် နေရာမျိုး တွင် လူပုံအရုပ်ကြီး အရုပ်ငယ်တို့ ထားလေ့ရှိကြသည်။အထူးသဖြင့် အရောင်းစင်တာကြီး များ၏ အဝင်ဝတွင် ထားရှိခြင်းက လူအသွားအလာ ပိုများအောင် ဆွဲဆောင် နိုင်သည်။

၆။ ဝင်ပေါက်များစွာ ထားရှိခြင်းနှင့် ဝင်ပေါက်အနီးတွင် လူစည်အောင် အခမ်းအနားများ ဈေးရောင်းပွဲများ ကျင်းပခြင်း

ဝင်ပေါက်များများရှိလေ၊ ဝယ်သူပိုလာနိုင်လေ ဖြစ်သည်။ ဝင်ပေါက်တွင် ပွဲတစ်ခုခုကြောင့် လူစည်ကား နေသောအခါ လူ့သဘောအရ စပ်စုလိုစိတ်ကြောင့် နောက်ထပ်ဈေးဝယ်သူများ ပိုမိုရောက်လာလေ့ ရှိသည်။

၇။ ဈေးကြီးသော ပစ္စည်းများရောင်းသည့် ဆိုင်ခန်းများ တစ်ဖက်တစ်ချက်ရှိ မင်းလမ်းမကို ခပ်ကျယ်ကျယ် ထားရှိခြင်း။

သုတေသနပြုထားချက် များအရ လမ်းမကျယ် သွားသောအခါ ဈေးဝယ်သူ၏ လမ်းလျှောက်နှုန်းမှာ ပိုနှေးသွားသည်။ ဈေးအကြီးဆုံး ပစ္စည်းများကို ဆိုင်တွင်း၌ ခင်းထားသော အခါတွင်လည်း ဆိုင်ခန်းအလယ်တွင် ခင်းကျင်းလျက် ထိုပစ္စည်းများ၏ ဘေးလျှောက်လမ်းကို ကျယ်နိုင်သလောက် ကျယ်အောင် ထားကြသည်။ ထိုအခါ ထိုပစ္စည်းများ လူများများမြင်နိုင်လျက် ရောင်းအား တိုးလာစေသည်။

၈။ ငွေရှင်းကောင်တာနေရာ ကျယ်ကျယ်ထားခြင်း

အရောင်းစင်တာတွင် တပ်ဆင်ထားသော ကင်မရာ များမှ မှတ်တမ်းများအရ ငွေရှင်းကောင်တာ မရောက်မီ လူတန်းရှည်ကြီးထဲတွင် စောင့်ဆိုင်းနေရသောအခါ အနီးအနားမှ ကုန်ပစ္စည်းကြော်ငြာများ၊ မြင်မြင်ရာရာ တံဆိပ်များ အချက်အလက်များကို မှတ်သားနေတတ် ကြောင်းကို တွေ့ရသည်။ ဟိုဟိုဒီဒီ မျက်စိရောက်သွား တတ်ကြသည်။ ထိုအချက်ကို အကြောင်းပြုကာ အချို့ အရောင်းစင်တာကြီးများက ဈေးဝယ်သူကို မိမိတို့ ပေးလိုသည့် အချက်အလက်ကို ကောင်တာနားတွင် တနင့်တပိုး ပေးတတ်ကြသည်။ ရောင်းချလိုသည့် ပစ္စည်းများကို သိပ်ထိုး တင်ပြထားတတ်ကြသည်။ ထိုအခါရလဒ်မှာ ဈေးဝယ်သူက ငွေရှင်းရာတွင် မိမိ ပစ္စည်းတင်သည့် နေရာ ကျဉ်းသွားသောကြောင့် ဝယ်ယူရန် စိတ်ကူးစိတ်သန်း နည်းပါးသွားကြောင်း သိလာကြသော အခါ အရောင်းစင်တာကြီး များသည် နည်းလမ်းပြောင်း လိုက်ကြလေသည်။ ငွေရှင်းရာတွင် ပစ္စည်းတင်ရန် နေရာကို ကျယ်ကျယ်ပြန့်ပြန့် ထားခြင်းက ဈေးဝယ်လို စိတ်ကို ဖိတ်ခေါ်နေကြောင်း သိလာကြသည်။

၉။ အရောင်းစင်တာထဲတွင် သီချင်း သို့မဟုတ် တီးလုံး ဖွင့်ထားခြင်း

အရောင်းစင်တာ အားလုံးလိုလိုမှာ ယခုအခါ သီချင်းဖွင့်ကြသည်။ ဂီတသည် ဈေးဝယ်ရာတွင် သုံးသည့် အချိန်ကို ၁၈ ရာခိုင်နှုန်း ပိုကြာစေပြီး ၁၇ ရာခိုင်နှုန်းခန့် ပစ္စည်းများများ ပိုဝယ်ဖြစ်သည်ဟု ဆိုသည်။ ရောင်းနေသည့် ကုန်ပစ္စည်းအလိုက် ဈေးဆိုင် များကလည်း သီချင်းကို ရွေးချယ်ပြီးဖွင့်ကြသည်။
ဥပမာ - သစ်သီးများနှင့် မီးဖိုချောင်အတွက် ကုန်စုံ ရောင်းသောဆိုင်မျိုးတွင် တီးလုံးခပ်နှေးနှေး အေးအေး ကို ရွေးဖွင့်ကြသည်။ ထိုတီးလုံးဖွင့်ချိန်မျိုးတွင် ရောင်းအား သည် ၃၈ ရာခိုင်နှုန်းခန့် လောက်အထိ မြင့်တက်သွားလေ့ ရှိသည်ဟု ဆိုသည်။ ဟမ်ဘာဂါနှင့် အာလူးကြော်လို အမြန်ရ အစားအစာဆိုင်မျိုးတွင် စည်းချက်မြန်သော သီချင်းမျိုးကို ဖွင့်သည်။ အဘယ်ကြောင့်ဆိုသော် စားသုံး သူသည် ထိုဂီတကို လိုက်ပြီး စားစရာကို အမြန်ဝါးပစ် သောကြောင့်ဖြစ်သည်။

၁ဝ။ မွှေးသောရနံ့တစ်မျိုးမျိုး လွှတ်ထားခြင်း

အမွှေးရနံ့ရှိသော ပတ်ဝန်းကျင်ဖြစ်အောင် လုပ်ထားခြင်းဖြင့်လည်း ဈေးဝယ်သူကို ဆွဲဆောင်တတ် ပြန်သည်။ အထူးသဖြင့် ကာဆီနို ကစားဝိုင်းကြီးများတွင် တိရ စ္ဆာန်၊ ပန်းမန်များနှင့် အင်းဆက်များမှ ထွက်သော အမွှေးရနံ့များ သုံးတတ်ကြသည်ဟု ဆိုသည်။ ထိုရနံ့ များသည် ဟော်မုန်းကို လှုံ့ဆော်သောအခါ စက်ကစား ဝိုင်း Slot Machine တွင် ငွေသုံးလိုစိတ်ကို ၄၅ ရာခိုင်နှုန်း တိုးပွားစေသည်ဆို၏။

၁၁။ ချက်ပြုတ်ကြော်လှော်သည့် အနံ့

ဈေးဝယ်ရင်း ခြေထောက်ညောင်းသောအခါ ဗိုက်ပါဟာ၍ ဟာ၍လာနိုင်သည်။ ထိုအခါစားဖွယ်ပြုလုပ် သည့် ရနံ့အမျိုးမျိုးက ဈေးဝယ်သူကို ဆွဲဆောင်နိုင်သည်။ ချက်ပြုတ်ကြော်လှော် ပုံကို မြင်ရသောအခါ ပို၍ပင် စားချင်သေးသည်။ မုန့်ဖုတ်သည့်ဆိုင်က မုန့်ဖုတ်ရာ Oven ကို လူမြင်သူမြင်ပြထားပုံ၊ ခေါက်ဆွဲကြော် ဆရာက ခေါက်ဆွဲကြော်ပြ နေပုံက ပို၍စားချင်အောင် ဆွဲဆောင် နိုင်သောအခါ ငွေတို့သည် အိတ်ကပ်ထဲမှ ခုန်၍ တစ်မျိုး၊ ပြေး၍တစ်ဖုံ အမြန်ထွက်သွားကြ လေတော့သည်။

အရောင်းစင်တာအတွင်း သတိလက်လွတ် ဝင်သူများအတွက် ထောင်ချောက်များစွာ ရှိပါသည်။ နေ့စဉ် ပျော်ပျော်ကြီး တိုးဝင်နေသူတို့ ထောင်ချီပြီး ရှိနေကြချိန် တွင် ထိုကုန်စည်များ ထွက်ရှိရာ ကမ္ဘာမြေတွင် ထုတ်လုပ်နိုင်စွမ်းအား အကန့်အသတ် ရှိကြောင်းကို မေ့လျော့နေကြလေသည်။


(ချိုမွှေး)

Resource: https://www.facebook.com/thevoiceweekly

0 comments: