Monday, May 21, 2012 - 0 comments

ကျွန်းသားတစ်ယောက်ရဲ့ အိပ်မက်

သူငယ်ချင်းတစ်ယောက်က ပြောတယ်အမေ
  '  စင်ကာပူမှာ အလုပ်လုပ်တယ်ဆိုတာ
ထောင်ကျတာနဲ့ အတူတူပါ ' တဲ့
'ထောင်တောင် ရိုးရိုးထောင်မဟုတ်
အလုပ်ကြမ်းနဲ့ ထောင်ကျတာ' တဲ့ အမေ။

အဲဒီစကားကို ထပ်လောင်း
သားကပေါင်းပြီးတောင် ပြောချင်ပါတယ်
စင်ကာပူအလုပ်ဆိုတာ အလုပ်ကြမ်းနဲ့ထောင်သာမဟုတ်
ကံဆိုးရင် ကျွန်းပါကျ
ဒုက္ခလှလှ ရောက်တာပါအမေ။

Jurong Island တဲ့
သူတို့ပြောတဲ့ကျွန်း
လူလုပ်လို့ထွန်းလာတာလေ
အဲဒီမှာ သားဘ၀ရှိပါတယ် အမေ။

ကွင်းပြင်ထီးတည်း
စက်ယန္တရားကြီးတွေ မမြင်ချင်အဆုံး
အရိပ်မရှိ မီးလိုပူလို့ ဟဲလ်မက်သုံးတောင်
နေလောင်ခံရတဲ့ မျက်နှာ
Safety မျက်မှန်နဲ့ ဟဲလ်မက်မေးသိုင်းကြိုးနေရာသာ  ကွက်ပြီးဖြူလို့
မျက်နှာတစ်ခုလုံး ညိုမည်းစွဲ
အဲဒါ-ကျွန်းပေါ်က သားဘ၀ နည်းနည်းပါ အမေ။

မိုးရွာရင် ရွာတဲ့အချိန်နား
လျှပ်စီးလက်ရင် အလံတင်လို့ အလံတင်ချိန်နား
ဒီလိုနဲ့ အလံတင်ချိန်၊ မိုးရွာချိန်လေးမျှော်ရင်း
အပြင်မှာ မိုးမရွာ၊ လျှပ်မလက်၊ အလံမတင်
ကိုယ့်မာနအလံ ကိုယ့်ဘာသာတင်ရင်း
ရင်ထဲမှာပဲ မိုးရွာ၊ လျှပ်အစင်းစင်းလက်လို့
နေပူထဲ ဖြတ်ခဲ့ရတဲ့နေ့တွေ နည်းမှမနည်းဘဲ အမေ။

တကယ်တော့ အမေရယ်......
ကျွန်တော်ဟာ ကျွန်းပျော်မဟုတ်တဲ့ ကျွန်းသားတစ်ယောက်ပါ။
မပျော်ပေမယ့် ပျော်သလိုနေရတဲ့ နေရာ
မချစ်ပေမယ့် ချစ်သလိုနေရတဲ့နေရာ
ကျွန်းသာသာ ဖြစ်နေတဲ့မြို့
သူ့ဘေးမှာ ကျွန်းတွေက ဟိုတစ်စို့ ဒီတစ်စို့
အဲဒီမှာ နိုင်ငံစုံက သားတို့လို လူတချို့ အလုပ်လာလုပ်ကြ
ဒါပေမဲ့....
အဲဒီမြို့က ဘာမှ မပြောပလောက်ပါဘူး အမေ။

Can or Can not နှစ်လုံးတတ်ရင်
လုပ်နိုင်တာ မလုပ်နိုင်တာ အကုန်ပြတ်တဲ့မြို့.....
Already တောင်မဟုတ် Ready လို့ ဖြီးရင် 
လုပ်ထားသမျှ အကုန်ပြီးတဲ့မြို့....
How are you? လို့ မေးရင် Fine လို့မဖြေ
Good လို့ ဖြေတဲ့မြို့........
အချောင်ခိုတဲ့သူကို အလီဘာဘာလို့ သုံးတဲ့မြို့......
ဘာလုပ်လုပ် Queue ရတဲ့မြို့.....
Queue သာ Queue တယ်
သူတို့ချင်း Neglect လုပ်တဲ့မြို့........
ရွှေတွေရဲ့'လား'နဲ့ သူတို့ရဲ့ ' Lah '
ဘယ်လားက စောတယ်မသိပေမယ့်
စကားပြောရင်း လားချင်ရင် လားတဲ့မြို့......
စည်းကမ်းရှိမလိုလိုနဲ့
စည်းကမ်း ရှိချင်ယောင်ဆောင်ထားတဲ့မြို့......
အလုပ်တကယ်ကြိုးစားသယောင်နဲ့
အလီဘာဘာတွေ များတဲ့မြို့.......
ကောင်လေး၊ ကောင်မလေးငယ်ငယ်တွေ
အားလုံးနီးပါး မျက်မှန်တပ်တဲ့မြို့......
ခြင်္သေ့ကို ငါးခန္ဓာပေါင်းထားတဲ့ ကိုယ်လုံးနဲ့အရုပ်တွေ ပေါတဲ့မြို့.....
အဲဒီမြို့လေးရဲ့ ခပ်လှမ်းလှမ်းမှာ
ပင်လယ်လမ်းကို ဖြတ်သန်း
ကျွန်းမြေမှာ သားလမ်းသလားခဲ့တာ နေ့စဉ်လိုပေါ့ အမေ။

ငွေဈေးဘယ်လောက်ပေါက်လဲ အကျအတက်ညှိရတာနဲ့
သိကြားမင်း အကျအတက်လည်း မသိ
သင်္ကြန်ကို ရင်မှာ မငြိနိုင်
အိမ်ကို ငွေပို့ဖို့  စဉ်းစားကြည့်ရင် ငိုင်တွေမော
ဒါပေမဲ့...
သားက- ထိုင်နေသော လူငယ်တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး အမေ။

ချွေးတွေက နဖူးကနေ ကျချင်ရာကျ
မိုးမလင်းခင်က စတဲ့ဘဝ
မိုးချုပ်တောင်နားဖို့ မကျိန်းသေတဲ့ဘဝ
ကြယ်သီးပြုတ်ကို အပ်နဲ့ချုပ်ရင် အမေ့ကို သတိရ
နေပူထဲမှာ လမ်းတွေလျှောက်ရင် အဖေ့ကို တမ်းတ
စုံတွဲတွေတွေ့ရင် ချစ်သူကို လွမ်းရ
ဘောလုံးပွဲတွေကြည့်ရင် ညီအစ်ကိုတွေကို မေ့မရ
မိုးတွေသည်းရင် မြန်မာပြည်ကို မှန်းဆ
ဒီလိုနဲ့ ဘ၀ဘ၀ဆိုတာကို ကြိတ်မှိတ်ဖြတ်သန်း
ကျွန်းသားတစ်ယောက် လွမ်းခန်းက ခပ်ကြမ်းကြမ်းပေါ့ အမေ။

' အိပ်မက်ထဲက ရထားကြီး ' ဆိုတဲ့
ကိုငှက်ရဲ့ သီချင်းတစ်ပုဒ်ကို အမြဲနားထောင်
( ပြီးတော့ သီချင်းထဲကလို)
ကလေးဘ၀ကို မြင်ယောင်ရင်း မဆုံးတဲ့ခရီး
ဘယ်အချိန်ပြီးမှန်းမသိတဲ့ ဘ၀ကို အတွေးခက်
ဒီလိုနဲ့........
ချွေးစက်များနဲ့ ပျော်ခြင်း၊ မပျော်ခြင်း မရှိတဲ့
ခရီးသွားရဲ့ နေ့ညများစွာ
တစ်လတစ်လထွက်လာတဲ့ လစာကြားမှာ ရှင်သန်
မနက်ဖြန်တိုင်းမှာ ဒီကျွန်းသားတစ်ယောက်တော့
ကျွန်းကလွတ်မြောက်ရေးကို မျှော်မက်ရင်း
အိပ်မက်တွေကြားမှာ ကျွန်တော်ဆက်လျှောက်နေပါဦးမယ် အမေရယ်။        ။
သားလတ်
၁၈.၆.၂၀၀၉
( စင်ကာပူနိုင်ငံထုတ် သဇင်မဂ္ဂဇင်း၊၂၀၁၂ ဧပြီလ တွင် ဖော်ပြခံရသော ကဗျာ ဖြစ်ပါသည်။ ) 

0 comments: