Friday, December 4, 2009 - 0 comments

လင်းလက်တဲ့ ချစ်မီးအိမ်

မိဘနှစ်ပါးရဲ့ တစ်ဦးအပေါ်တစ်ဦးထားတတ်ကြတဲ့ ချစ်ခြင်းမေတ္တာမျိုးကို ငယ်ငယ်လေးတည်းက သူလေးစားအားကျခဲ့တယ်။ အဖေက သူတို့မြို့မှာ နာမည်ကြီးပန်းချီဆရာတစ်ဦးဖြစ်ပြီး ပန်းချီပြပွဲတွေ ကြိမ်ပေါင်းများစွာ ကျင်းပခဲ့ဖူးသူဖြစ်တယ်။ အမေ့အပေါ် အသေးအဖွဲ့ကအစ ဂရုစိုက်တတ်တဲ့အဖေရဲ့ ချစ်ခင်မြတ်နိုးမှုကို သူနှိုင်းမပြတတ်ခဲ့ဘူး။ အဖေ့လိုမြင့်မြတ်တဲ့ ယောက်ျားတစ်ဦးရဲ့ ချစ်ခြင်းကိုပိုင်ဆိုင်ထားရလို့ အမေကို ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးအမျိုးသမီးလို့ သူမကြာခဏ တွေးထင်မိတယ်။


ငယ်စဉ်ကတည်းက ပန်းချီပညာအတူ ဆည်းပူးခဲ့တဲ့ အဖေနဲ့အမေဟာ အမြဲတမ်းနှစ်ယောက်အတူ ပန်းချီဆွဲလေ့ရှိတယ်။ ပန်းချီဆွဲတဲ့အချိန် သူတို့မှာ တူညီတဲ့အကျင့်တစ်ခု ရှိကြတယ်။ အဲဒါက ပန်းချီစဆွဲတဲ့အချိန် အဖေက ကင်းဘတ်စပေါ်မှာ ဆေးရောင်ဖျော့လေးနဲ့ အရစ်အကြောင်းတွေ အရင်ရေးဆွဲတတ်တယ်။ ပြီးမှ အမေက အဖေဆွဲထားတဲ့ ပန်းချီကားပေါ် ဆေးရောင်စုံတွေ ခြယ်မှုန်းတတ်တယ်။ နောက်ဆုံးမှာ ပန်းချီကားက သူတို့နှစ်ဦးရဲ့ချစ်ခြင်းတွေ ရောစပ်ဖွဲ့သီထားသလိုပဲ ဆေးရောင်စုံတွေနဲ့ သက်ဝင်လှပနေတတ်တယ်။

သူတဖြေးဖြေး ကြီးပြင်းလာခဲ့တယ်။ ဘဝလက်တွဲဖော်ရှာပြီး နောက်ဆုံးမှာ သူအိမ်ထောင်ပြုခဲ့တယ်။

အိမ်ထောင်ပြုပြီးမှ ခင်ပွန်းသည်နဲ့ သူ့ဘဝနေထိုင်မှုတွေ လုံးဝခြားနားကြောင်း သူသိခဲ့ရတယ်။ ခင်ပွန်းနဲ့သူဟာ အကြိုက်မတူသလို အလုပ်ကိုယ်စီနဲ့ နှစ်ယောက်အတူနေချိန်တွေလည်း နည်းခဲ့တယ်။ ဗလာအပြည့် တင်ဆောင်ထားတဲ့ရထားတစ်စီး သူ့ဘဝထဲ ခေါက်တုန့်ခေါက်ပြန် မောင်းနှင်နေသလိုပဲ။ အရင်က ချစ်ခဲ့ဖူးတဲ့အချစ်တွေဟာ စက္ကန့်ပိုင်းလေးပဲ လင်းလက်ပြီးနောက် မည်းညစ်ညစ် မီးခိုးခေါင်းတိုင်ထဲ ကျပျောက်သွားခဲ့သလို အစအနလုံးဝ သူရှာမရခဲ့တော့ဘူး။

အိမ်ထောင်သက် (၂)နှစ်အကြာမှာ ခင်ပွန်းရဲ့အလုပ်တချို့ အခက်အခဲ ကြုံခဲ့ရတယ်။ စိတ်ပျက်အားငယ်နေတဲ့ ခင်ပွန်းကို မနှစ်သိမ့်ခဲ့တဲ့အပြင် သူ့ကိုယ်သူ မိခင်နဲ့နှိုင်းယှဉ်ကြည့်ပြီး သူဟာ အိမ်ထောင်ရေးပျော်ရွှင်မှုတွေ မရခဲ့သူအဖြစ် သတ်မှတ်မိတယ်။ စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ အိမ်ထောင်ဖက်ကို မရခဲ့တဲ့အပြင် ယောက်ျားဖြစ်သူရဲ့ အသုံးမကျမှုကိုလည်း ခံရပြန်တယ်လို့ သူထင်ခဲ့တယ်။

ခင်ပွန်းဖြစ်သူနဲ့ စကားများငြင်းခုန်ပြီးနောက် မိဘအိမ်ကို သူပြန်ခဲ့တယ်။ အဲဒီအချိန်က အမေဆုံးတာ တစ်နှစ်ကျော်နေပြီဖြစ်တယ်။ ခင်ပွန်းနဲ့ ဖြစ်ပျက်ခဲ့သမျှအကြောင်းအားလုံး အဖေကို သူပြောပြနေခဲ့တယ်။ အဖေ့လိုချစ်ခြင်းမျိုးတွေ သူဘာကြောင့် မပိုင်ဆိုင်နိုင်သလဲလို့ အဖေကို အားတုံ့အားနာ သူမေးမိတယ်။

အိုမင်းနေပြီဖြစ်တဲ့ အဖေက သူ့အမေးကို ချက်ချင်းမဖြေခဲ့ဘဲ သူ့ရှေ့မှာ ပန်းချီကားတစ်ချပ် ဆွဲဖို့ ပြင်ဆင်ခဲ့တယ်။ အမေဆုံးပြီးကတည်းက ပန်းချီလုံးဝမဆွဲတော့တဲ့ အဖေရဲ့ အပြုအမှုကို သူအံ့သြသွားမိတယ်။

(၁ဝ)မိနစ်အကြာမှာ အဖေက ဆွဲထားတဲ့ပန်းချီကားကို ပြတယ်။ ပန်းချီက ဆေးရောင်တစ်မျိုးနဲ့ပဲ ဆွဲထားတဲ့ပန်းချီဖြစ်တယ်။ ပန်းချီကားတစ်ချပ်လုံးကို ရင့်တန်ရင့်၊ ဖျော့တန်ဖျော့နဲ့ တည်ငြိမ်တဲ့အပြာရောင်ကို သုံးပြီး ခြယ်မှုန်းထားတယ်။ ပန်းချီကားရဲ့ အလယ်တစ်နေရာမှာ ပင်လယ်နက်ထဲကျက်စားတဲ့ ငါးတစ်ကောင်ကိုဆွဲထားပြီး ငါးဦးခေါင်းမှာ အပြာရောင်အလင်းလေး လင်းလက်နေတဲ့ မီးအိမ်လေးတစ်အိမ်ပါရှိတယ်။

အဖေက သူ့ဘဝတစ်လျှောက်လုံး အရောင်တစ်မျိုးနဲ့ပဲ ပန်းချီဆွဲခဲ့ကြောင်း သူ့ကိုပြောပြတယ်။

တကယ်တော့ အဖေဟာ ငယ်ရွယ်စဉ်ကတည်းက အရောင်ကန်း (colorblind) ဝေဒနာကို ခံစားခဲ့ရပြီး သူ့အမြင်မှာ ရှိရှိသမျှအရာအားလုံးကို အရောင်တစ်ရောင်ထဲအဖြစ်ပဲ မြင်ခဲ့တယ်။ ငယ်ငယ်လေးကတည်းက အဖေနဲ့အတူ ပန်းချီဆွဲသင်ခဲ့တဲ့အမေက ဒီ့အတွက်နဲ့ အဖေ့ကို ပန်းချီဆွဲတဲ့အတတ် လက်မလွတ်စေခဲ့ဘူး။ အဖေဆွဲပြီးတဲ့ အရောင်တစ်ရောင်ပန်းချီကားချပ်ပေါ်မှာ အမေက အရောင်တွေထပ်ခြယ်မှုန်းခဲ့တယ်။ လှပတဲ့ရောင်စုံ ၊ ပြောင်မြောက်တဲ့လက်ရာနဲ့ အဖေ့ကိုနာမည်ကြီး ပန်းချီဆရာတစ်ဦးဖြစ်အောင် စွမ်းဆောင်ခဲ့တယ်။

"ဒါကြောင့် ဘဝတစ်လျှောက်လုံး တကယ့်ပျော်ရွှင်ခဲ့သူက သမီးအမေမဟုတ်ခဲ့ဘူး။ သမီးအမေရဲ့ အနစ်နာခံအချစ်တွေနဲ့ တကယ်ပျော်ရွှင်ခဲ့သူက အဖေဖြစ်တယ်"

အဖေက ပန်းချီကားကို သူ့လက်ထဲထည့်ပေးပြီး ခင်ပွန်းဆီပြန်ဖို့ ပြောတယ်။ အဲဒီအချိန်ကစပြီး ဧည့်ခန်းမှာချိတ်ဆွဲထားတဲ့ ပန်းချီကားကိုကြည့်ရင်း အဖေပြောခဲ့ဖူးတဲ့ ပင်လယ်နက်ထဲက ငါးတစ်မျိုးအကြောင်းကို သူအမှတ်ရနေတတ်တယ်။


ကမ္ဘာပေါ်မှာ အနက်ဆုံးဖြစ်တဲ့ Mariana Trench ရဲ့အနက်ရှိုင်းဆုံးနေရာမှာရှိတဲ့  ပင်လယ်ရေက အရမ်းအေးတယ်။ အေးလွန်းလို့ ဘယ်ရေသတ္တဝါမှ မရှင်သန်နိုင်ခဲ့ဘူး။ ဒါပေမယ့် အဲဒီလိုရေနက်နေရာမှာ Monkfishလို့ခေါ်တဲ့ ငါးတစ်မျိုးက ပျော်ပျော်ကြီး ကျင်လည်ကျက်စားပြီး မျိုးပွားခဲ့တယ်။ Monkfishတွေဟာ ကြီးလေလေ ရှေ့ကလမ်းကိုတောင် မမြင်ရအောင် ကန်းလေလေဖြစ်တယ်။ ဒါပေမယ့် သူတို့ကိုယ်ထဲ အချစ်တွေဖြစ်ပွါးလာတာနဲ့ သူတို့ရဲ့ ဦးခေါင်းထိပ်မှာရှိတဲ့ မီးအိမ်ဟာ လင်းလက်လာတတ်တယ်။ အဲဒီမီးရောင်နဲ့ လမ်းတွေကို သူတို့တွေ့မြင်ရပြီး ပင်လယ်နက်ထဲမှာ ပျော်ပျော်ကြီးရှင်သန်နိုင်ခဲ့ကြတယ်။

တကယ်တော့အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူအတွက် အမှောင်ထဲမှာ လင်းလက်တောက်ပတဲ့ မီးအိမ်ငယ်လေးတစ်လုံး ဆိုတာကို နောက်ဆုံးမှာ သူသဘောပေါက်နားလည်ခဲ့တယ်။

Ref: နိုင်းနိုင်းစနေ ဘာသာပြန်သည်။

0 comments: